ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ ကျင်းပ

News Image

  • ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ ကျင်းပ

အစ္စလာမာဘတ်    ဇန်နဝါရီ ၂၇

ပါကစ္စတန်နိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ကို ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် စွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော စွမ်းအင်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချရန် ရည်ရွယ်ထားကြောင်း ပါကစ္စတန်နိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီး အဝပ်အာမက်ခန်းက ပြောကြားသည်။ ပါကစ္စတန်နိုင်ငံ၌ လက်ရှိအချိန်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးကို ကြပ်မတ်ဆောင်ရွက်နေပြီး လျှပ်စစ်စွမ်းအင်သုံးစွဲသူများအား စဉ်ဆက်မပြတ်လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းနှင့် ၎င်းလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာမြင့်မားသည့် နိုင်ငံများ၏ အကူအညီကို ရယူဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း လက်ရှိသုံးစွဲနေသည့် ရုပ်ကြွင်းလောင်စာသုံးယာဉ်များ၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ယာဉ်များအဖြစ် ပြောင်းလဲသုံးစွဲရာတွင်လည်း ၎င်းနိုင်ငံများ၏ နည်းပညာအကူအညီကို ရယူမည်ဟု သိရသည်။

နိုင်ငံအတွင်းရှိ လျှပ်စစ်ယာဉ်အားသွင်းရုံများ၏ ဓာတ်အားခကိုလည်း ယခုလအတွင်း လျှော့ချပေးခဲ့သည်။

Source: ကြေးမုံသတင်းစာ