ဟန်ဂေရီအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုတ်သိမ်းနိုင်
သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်၌ ချမှတ်ထားသော ဟန်ဂေရီအပေါ် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်သုံးသပ်ရန် အမေရိကန်က ကတိပြုထားသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဖုန်းပြောဆိုမှုအပြီးတွင် ဝါရှင်တန်သည် Budapest နှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် ကတိပြုထားကြောင်း Szijjarto က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်၎င်း၏ မူဝါဒများသည် အလွန်အရေးကြီးသောကိစ္စရပ်များတွင် ဟန်ဂေရီနှင့် ရပ်တည်ချက်တူညီကြသည့်အတွက် ဝမ်းမြောက်မိကြောင်း Szijjarto က ပြောကြားခဲ့သည်။
Biden ၏ မူဝါဒများအရ ဟန်ဂေရီနိုင်ငံအပေါ် ကန့်သတ်ချက်များစွာချမှတ်ခဲ့ပြီး နှစ်နိုင်ငံအခွန်သဘောတူညီချက်ကိုရပ်ဆိုင်းကာ ဟန်ဂေရီနိုင်ငံသားများအတွက် တင်းကျပ်သည့် ဝင်ခွင့်စည်းမျဉ်းများကိုလည်း ချမှတ်ခဲ့သည်။ Budapest က အဆိုပါ လုပ်ရပ်များသည် ရုရှားနှင့်တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး အားနည်းစေရန် နိုင်ငံအား ဖိအားပေးရန်ကြိုးပမ်းမှုဟု မှတ်ယူသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန်သည် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် ဟန်ဂေရီ ဝန်ကြီးချုပ် Viktor Orban ၏ ဝန်ထမ်းအကြီးအကဲ Antal Rogan ကို ဒဏ်ခတ်အရေးယူခဲ့သည်။ Szijjarto က Rubio နှင့် ၎င်း၏ စကားပြောဆိုမှုသည် အလွန် ကောင်းမွန်ကြောင်း ဖော်ပြခဲ့ပြီး ၎င်း၏ မျှော်လင့်ချက်မှာလာမည့်နှစ်များတွင် ဟန်ဂေရီ-အမေရိကန် နိုင်ငံရေးဆက်ဆံမှုတွင် ရွှေခေတ်သစ်ကို ယူဆောင်လာမည်ဟု မျှော်လင့်ပါကြောင်း ဆိုထားသည်။ ဟန်ဂေရီဝန်ကြီးချုပ် Orban က ရုရှားအပေါ် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားပြီး ၎င်းက EU နှင့် US ၏မူဝါဒများကိုပြောင်းလဲရန်နှင့် ရုရှားနှင့် ပိတ်ဆို့မှုကင်းသော ဆက်ဆံရေးထူထောင်ရန်ကိုလည်း အကြံပြုထားသည်။
ဟန်ဂေရီသံတမန်များသည် အီးယူဆွေးနွေးပွဲအတွင်း ကိယက်ဗ်သည် ရုရှားဓာတ်ငွေ့လုပ်ငန်းစုကြီး Gazprom နှင့် စာချုပ်သက်တမ်းမတိုးခဲ့ခြင်းကြောင့် EU ၏ စွမ်းအင်ကဏ္ဍပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် မော်စကို၏စစ်ရေးဆိုင်ရာ ငွေကြေးထောက်ပံ့နိုင်မှုအား ကန့်သတ်ရန်ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ၁၅ ကြိမ် ချမှတ်ခဲ့သည်။ သို့သော်လည်း အဆိုပါ အစီအမံများကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ ခြောက်လတစ်ကြိမ် သက်တမ်းတိုးရန် တညီတညွတ်တည်း အတည်ပြုချက်လိုအပ်သည်။ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကျင်းပသည့် EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဟန်ဂေရီက ဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် အချေအတင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ကိုးကား-RT