နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရန်အတွက် တရုတ်နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ ဆွေးနွေး
မွမ်ဘိုင်း၊ နိုင်ငံရေး
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်နှင့်အိန္ဒိယနိုင်ငံကြား ဆက်ဆံရေးတိုးတက်စေရန်အတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီခရမ်မစ်စရီနှင့် ပေကျင်းမြို့တော်၌ ဇန်နဝါရီလ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးသည်။
တရုတ်နှင့်အိန္ဒိယတို့အနေဖြင့် နှစ်နိုင်ငံကြားဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုကို လျှော့ချနိုင်ရေးအတွက် လွန်ခဲ့သည့်နှစ်အတွင်းက ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကိုဖော်ဆောင်နေစဉ်အတွင်း ယုံကြည်မှုနှင့်နားလည်မှုကို တိုးမြှင့်သင့်ကြောင်း ဝမ်ယိက အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားသည်။
ထို့ပြင် တရုတ်နှင့် အိန္ဒိယတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦးအပေါ် သံသယဖြစ်ခြင်းကို ရှောင်ရှားသင့်ပြီး နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေရန်နှင့် အာရှဒေသ၏ငြိမ်းချမ်းရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရန် လုပ်ဆောင်သင့်ကြောင်း ဝမ်ယိကဆက်လက်ပြောကြားသည်။
လက်ရှိတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေသည့် တွေ့ဆုံဆွေးနွေးမှုများကို ကျင်းပလျက်ရှိပြီး နှစ်နိုင်ငံကြားရှိ ကွဲပြားမှုများကို ကောင်းစွာဖြေရှင်းနိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗီခရမ်မစ်စရီကတုံ့ပြန်ပြောကြားသည်။
နှစ်နိုင်ငံကြားဆက်ဆံရေးသည် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများကြောင့် ယိုယွင်းခဲ့ရသော်လည်း ယခုအခါ သံတမန်ရေးနှင့် ကာကွယ်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများကိုကျင်းပခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်တိုးတက်လာခဲ့ကြောင်းသိရသည်။
Source: Myawady Web Portal