Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်၏ဒီဇိုင်းကို ရက်ပေါင်း ၆၀ အတွင်းပြင်ဆင်ရန် ထရမ့်က ကာကွယ်ရေးဝန်ကြီးအား ညွှန်ကြား
Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခု၏ဒီဇိုင်းကို ရက်ပေါင်း ၆၀ အတွင်းပြင်ဆင်၍ ပြန်လည်တင်ပြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်အား ညွှန်ကြားလိုက်ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဟက်ဆက်အနေဖြင့် အမိန့်ကြေညာစာထွက်သည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်အား ဒီဇိုင်းရေးဆွဲမည့် အစီအစဉ်၊ စွမ်းဆောင်ရည်အခြေပြုလိုအပ်ချက်များကို သမ္မတထရမ့်ထံသို့ ပြန်လည်တင်ပြရမည်ဖြစ်သည်။
ဒုံးကျည်ကာကွယ်ရေးစနစ်အား ဒီဇိုင်းရေးဆွဲထုတ်လုပ်ရာတွင် ပဲ့ထိန်းဒုံးကျည်များ၊ အသံထက်မြန်ဒုံးကျည်နှင့် နည်းပညာမြင့် ခရုဒုံးကျည်များအား အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ်က ကာကွယ်နိုင်မှု၊ ဒုံးကျည်ကာကွယ်ရေးစနစ်၏ အသံထက်မြန်ဒုံးကျည်နှင့် အာကာသအခြေပြု ထောက်လှမ်းရေး အာရုံခံစနစ်များ ဖြန့်ကြက်နိုင်မှုနှင့် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်သည့် အာကာသအခြေပြု ကြားဖြတ်ဟန့်တားရေးစနစ်များအား ထုတ်လုပ်ဖြန့်ကြက်နိုင်မှုတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထရမ့်သည် ယခင်ကလည်း Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်အား အမေရိကန်ပြည်ထောင်စုတွင် ဖြန့်ကြက်ရန် အမိန့်ထုတ်ပြန်ခဲ့ဖူးကြောင်း သိရသည်။
Ref: Sputnik
Source: Myawady Web Portal