တရုတ်ကားဈေးကွက်တွင် BYD က ဘဏ္ဍာငွေအများဆုံး ရှာဖွေပေးနိုင်သည့်ကားအဖြစ် ရပ်တည်
BYD ကုမ္ပဏီထုတ်မော်တော်ကားသည် တရုတ်နိုင်ငံရှိ မော်တော်ကားဈေးကွက်တွင် နာမည်ကြီး ဂျာမနီကားကုမ္ပဏီများကို ကျော်ဖြတ်၍ ဘဏ္ဍာငွေအများဆုံး ရှာဖွေပေးနိုင်သည့်ကားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Sina Finance တွင်ဖော်ပြထားသည်။
BYD ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သည့် မော်တော်ကားများအား ပျမ်းမျှအားဖြင့် တစ်စီးလျှင် ယွမ် ၁၂၁၀၀၀ (ဒေါ်လာ ၁၆၇၀၀) ဖြင့်ရောင်းချပေးခဲ့ပြီး တရုတ်ဈေးကွက်အတွင်း နှစ်စဉ်ရောင်းချမှုသည် မော်တော်ကားအစီးပေါင်း ၃ ဒသမ ၄၉ သန်းအထိမြင့်တက်လာခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအတွက် ဘဏ္ဍာငွေအဖြစ် ယွမ် ၄၂၀ ဒသမ ၇ ဘီလီယံ (ဒေါ်လာ ၅၈ ဒသမ ၁ ဘီလီယံ) ရှာဖွေပေးနိုင်ခဲ့သည်။
ဘဏ္ဍာငွေအများဆုံး ရှာဖွေပေးနိုင်သည့်စာရင်းတွင် BYD ကုမ္ပဏီပြီးနောက် နာမည်ကြီးဂျာမနီကုမ္ပဏီကြီးများဖြစ်သည့် Mercedes-Benz နှင့် Volkswagen တို့က ဒုတိယနှင့် တတိယနေရာအသီးသီးတွင် ရပ်တည်လျက်ရှိသည်။
ထို့ပြင် အခြားကုမ္ပဏီများဖြစ်သည့် Aito နှင့် Li Auto တို့ကလည်း ဘဏ္ဍာငွေအများဆုံးရှာဖွေပေးနိုင်သည့် မော်တော်ကားစာရင်းတွင် ပါဝင်လာခဲ့ကြောင်း Sina Finance တွင် ဆက်လက်ဖော်ပြထားသည်။
Ref: CNChina
Source: Myawady Web Portal