ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ သီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကို အထောက်အကူပြုစေမည်ဖြစ်
ပွင့်ဖြူ ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ပန်းမုန်လာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများသီးနှံဝင်ငွေရရှိသဖြင့် သီးနှံဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိုအထောက်အကူပြုစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူ များ၏ပြောကြားချက်အရ သိရသည်။
"ဒီဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ မုန်းချောင်းရေ၊ မြေအောက်ရေတို့နဲ့ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်နိုင်တစ်ပိုင်စားဖို ဆောင်းသီးနှံ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးကြပါတယ်။ အခုဆိုရင် တောင်သူတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြတဲ့ ပန်းမုန်လာစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာမှာလည်း ဈေးကောင်းရရှိလို့ လုပ်ငန်းအဆင်ပြေကြတယ်။ ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းမှာ အဖြူမျိုးနဲ့ အစိမ်းမျိုးဆိုပြီး နှစ်မျိုးရှိတယ်။ အဖြူမျိုးက တစ်ပွင့်တည်း သာပွင့်ပြီး အစိမ်းမျိုးက အနည်းဆုံးနှစ်ပွင့်၊ သုံးပွင့်အထိ ဆွတ်ခူးရောင်းချရပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးရာ မှာ ဝယ်ယူစားသုံးကြတဲ့ ပြည်သူတွေ အစားအစာဘေးကင်းလုံခြုံစေဖို့ အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးတာကြောင့် သန့်ရှင်းလတ်ဆတ်မှုရှိပြီး အရည်အသွေးလည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းလတ်ဆတ်မှုရှိတဲ့အတွက် ဈေးကွက်မှာ ရောင်းအားကောင်းမွန်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် ပိန္နဲတောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးကပြောသည်။
ပန်းမုန်လာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး နှစ်လခွဲခန့်အကြာတွင်ဆွတ်ခူးရောင်းချရကြောင်းနှင့်ပွင့်ဖြူမြို့နယ်ဒေသထွက် ပန်းမုန်လာများသည် အော်ဂဲနစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသဖြင့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်၍ ဈေးကွက်အတွင်း ရောင်းအားကောင်းမွန်လျက်ရှိကာ မင်းဘူးနှင့် မကွေးမြို့တို့သို့လည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ ဆက်စပ်လုပ်ကိုင်သူများနှင့် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကိုလည်း များစွာအထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
Source: Myawady Web Portal