သာယာဝတီမြို့ရှိ ဒေသခံပြည်သူများ မိရိုးဖလာမြေအိုးလုပ်ငန်းဖြင့် အဆင်‌ပြေ

News Image

  • သာယာဝတီမြို့ရှိ ဒေသခံပြည်သူများ  မိရိုးဖလာမြေအိုးလုပ်ငန်းဖြင့် အဆင်‌ပြေ

သာယာဝတီ  ဇန်နဝါရီ  ၂၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နှင့် ၇ မိုင်ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည်မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ပြီး မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြေအိုးအမျိုးမျိုးပြုလုပ်ရာတွင် ရှေးဦးစွာ ရွာ၏အပြင်ဘက်ရှိ မြေကျင်းမှ မြေနီ၊ မြေစေးတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့နေအိမ်တွင် စုပုံထားရကြောင်း၊  အိုးပြုလုပ်ရန်  နုန်းမြေတစ်ဆ မြေနီနှစ်ဆ မြေစေးတစ်ဆတို့ကိုရော၍    အင်တုံထဲတွင်ထည့်ကာ စိမ်ထားရကြောင်း၊ မြေများနူးလာပါက စေးသွားစေရန် ဖျာပေါ်သို့ပုံ၍ ခြေထောက်ဖြင့် အကြိမ်ကြိမ်နင်းနယ်ရကြောင်း၊ ထို့နောက် လက်လှည့်ဆုံပေါ်တွင်တင်ကာ  မိမိပြုလုပ်လိုသောအိုးပုံစံကို  လက်ဖြင့်ပုံဖော်၍ အဆင့်ဆင့် ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း သိရသည်။

အဆိုပါ ဖိုးခေါင်ကျေးရွာမှထွက်ရှိသောအိုးများကို   အိုးအမျိုးအစားအလိုက် ဈေးနှုန်းအသီးသီးဖြင့် သာယာဝတီမြို့သို့သွားရောက်ရောင်းချရာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုးလုပ်ကိုင်သူမသင်းသင်းမော်၏  ပြောကြားချက်အရ သိရသည်။

Source: Myawady Web Portal