အမေရိကန်၏ စစ်လက်နက်ပစ္စည်းတင်ပို့မှု စံချိန်တင် အမြင့်ဆုံးသို့ရောက်ရှိ

News Image

  • အမေရိကန်၏ စစ်လက်နက်ပစ္စည်းတင်ပို့မှု စံချိန်တင် အမြင့်ဆုံးသို့ရောက်ရှိ

ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့ပြီးနောက် နိုင်ငံအများအပြားသည် ၎င်းတို့၏စစ်လက်နက် ပစ္စည်းသိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားများ မြင့်တက်လာခဲ့ပြီး အမေရိကန်၏လက်နက်တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်အတွင်း အမေရိကန်၏ လက်နက်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၃၁၈ ဒသမ ၇) ဘီလျံထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၂၉) ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု သိရပါသည်။ အမေရိကန်ကုမ္ပဏီများ၏ စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ရောင်းချမှုသည် ၂၀၂၃ ခုနှစ်၌ အမေရိကန်ဒေါ်လာ (၁၅၇ ဒသမ ၅) ဘီလျံရရှိခဲ့ရာမှ အမေရိကန်ဒေါ်လာ (၂၀၀ ဒသမ ၈) ဘီလျံထိ မြင့်တက်လာခဲ့သည်ဟု အချက်အလက်များအရ သိရပါသည်။

အမေရိကန်အစိုးရမှစီစဉ်ပေးသည့် စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အမေရိကန်ဒေါ်လာ (၁၁၇ ဒသမ ၉) ဘီလျံထိမြင့်တက်လာပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ(၈၀ ဒသမ ၉)ဘီလျံ မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အစီရင်ခံစာအရ ဥရောပနိုင်ငံများသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်စစ်လက်နက်ပစ္စည်းများကို အဓိကဝယ်ယူသည့်နိုင်ငံများထဲ၌ ပါဝင်ခဲ့ပြီး ရောင်းချမှု၌ ရိုမေးနီးယားနိုင်ငံအတွက် အမေရိကန် ဒေါ်လာ(၇ ဒသမ ၂)ဘီလျံတန်ဖိုးရှိ F-35 တိုက် လေယာဉ်များ၊ ဂျာမနီအတွက် အမေရိကန်ဒေါ်လာ (၅) ဘီလျံတန်ဖိုးရှိ ပက်ထရီယော့ဒုံးကျည်များအပြင် နော်ဝေး၊ ပိုလန်၊ စပိန်၊ ဩစတြီးယားနှင့် အခြားနိုင်ငံများအတွက် ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များနှင့် သံချပ်ကာယာဉ်များ ပါဝင်ကြောင်း သိရှိရသည်။ ထို့အပြင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုတွင် အစ္စရေးနိုင်ငံအတွက် အမေရိကန်ဒေါ်လာ(၁၈ ဒသမ ၈) ဘီလျံတန်ဖိုးရှိ တိုက်လေယာဉ်များ ပါဝင်ကြောင်းလည်း သိရှိရသည်။

ယူကရိန်းပဋိပက္ခ ပြင်းထန်လာချိန်မှစတင်ကာ အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် အဆမတန်တိုးလာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူ အများအပြားက မှတ်ချက်ပြုပြောဆိုခဲ့ကြပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်၏ စစ်လက်နက်ပစ္စည်းရောင်းချမှုသည် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းရောင်းချမှု စုစုပေါင်း၏ (၄၂) ရာခိုင်နှုန်းခန့်ရှိကြောင်း Stockholm International Peace Research Institute က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုအရ သိရှိရပါသည်။

ကိုးကား-NP News