ရေကြောင်းဥပဒေ စိုးမိုးရေးပူးပေါင်းမှုအဖြစ် ဖိလစ်ပိုင်၊ အမေရိကန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ ပူးတွဲ လေ့ကျင့်
ဖိလစ်ပိုင်၊ အမေရိကန်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှ ကမ်းခြေစောင့်တပ်နှင့် ပင်လယ်ငါးဖမ်းလုပ်ငန်း အရာရှိများသည် ရေကြောင်းတရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးတွဲလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ကြကြောင်း မနီလာရှိ အမေရိကန်သံရုံးထုတ်ပြန်ချက် အရသိရှိရပါသည်။
ဇန်နဝါရီ ၁၃ မှ ၂၄ အထိ ၂ ပတ်ခန့်ကြာမြင့်သည့် အဆိုပါ ပူးတွဲလေ့ကျင့်မှုကို ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ပြုလုပ်ခဲ့ပြီး သင်္ဘောပေါ် တက်ရောက်တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးခြင်းဆိုင်ရာ နည်းစနစ်ပိုင်းများကို လေ့ကျင့်ခဲ့ကြကြောင်း၊ တရုတ်နှင့် ရေပိုင်နက်ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သဖြင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။
မဟာဗျူဟာကျသော ရေလမ်းကြောင်းတွင် ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောတို့ မကြာခဏဆိုသလို ထိတွေ့ တင်းမာမှုများ ဖြစ်ပွားလေ့ရှိပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားရေယာဉ်တို့မှာလည်း အလားတူဖြစ်စဉ် ကြုံတွေ့ရလေ့ရှိပါသည်။
“မိမိတို့၏ ရေပိုင်နက်အချုပ်အခြာအာဏာ ငြိမ်းချမ်း၍ လုံခြုံမှုရှိပြီး သာယာဝပြောသည့်ဇုန်တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး လက်တွဲပူးပေါင်းသွားရန် ထပ်လောင်း ကတိကဝတ်ပြုပြောကြားပါကြောင်း” ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ခရိုင်တပ်မှူး Rejard V Marfe က ပြောကြားထားကြောင်း အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား-CNA
Photo: ABS-CBN