ရုရှား LNG တင်ပို့မှု စံချိန်သစ်တင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ
ရုရှားနိုင်ငံသည် ယမန်နှစ်တွင် သဘာဝဓာတ်ငွေ့ရည် (LNG) တန်ချိန် ၃၃.၆ သန်း စံချိန်တင်တင်ပို့ခဲ့ပြီး ထက်ဝက်ကျော်သည် အီးယူဈေးကွက်သို့ တင်ပို့ခဲ့ကြောင်း စီးပွားရေးနေ့စဉ်ထုတ်သတင်းစာ RBK မှ ဇန်နဝါရီ ၂၈ ရက်နေ့တွင် စွမ်းအင်တင်ပို့မှုသုံးသပ်ရေးအဖွဲ့ Kpler ၏ အချက်အလက်များကို ကိုးကား၍ဖော်ပြခဲ့သည်။
အဆိုပါကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် သတ်မှတ်ထားသော ယခင်စံချိန်တင်တန်ချိန် ၃၂.၉ သန်းထက် ၄% တိုးလာသည်ဟု အစီရင်ခံစာကဖော်ပြခဲ့သည်။ ထို့အပြင် ရုရှားနိုင်ငံသည် ဒီဇင်ဘာလတွင် မှတ်တမ်းသစ်တစ်ခုရောက်ရှိခဲ့ပြီး LNG တန်ချိန် ၃ ဒသမ ၂၅ သန်း တင်ပို့နိုင်ခဲ့ကာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၁၄ % တိုးလာပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ယခင် သတ်မှတ်ထားသည့် အမြင့်ဆုံးထက် ၁.၃ % တိုးမြင့် လာခဲ့သည်။
အစီရင်ခံစာအရ နိုင်ငံ၏ LNG တင်ပို့မှုသည် ဒီဇင်ဘာလတွင် ၂၀၂၄ နှစ်ကုန်တွင် တန်ချိန် ၃၃ သန်း ခန့်ရောက်ရှိမည်ဟု ခန့်မှန်းထားသော ရုရှားဒုတိယ ဝန်ကြီးချုပ် Aleksandr Novak ၏ ထုတ်ပြန်ချက် များနှင့် ကိုက်ညီကြောင်းတွေ့ရှိရပါသည်။
အီးယူသို့တင်ပို့မှုသည် ခန့်မှန်းခြေအားဖြင့် တန်ချိန် ၁၇ ဒသမ ၄ သန်း သို့မဟုတ် ရုရှား၏ LNG တင်ပို့မှုစုစုပေါင်း၏ ၅၂% ရှိပြီး ၂၀၂၃ ခုနှစ်ထက် ၄%တိုးလာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ရုရှားစွမ်းအင်အပေါ် မှီခိုအားထားမှုကို တားဆီးရန် EU က ကြိုးပမ်းခဲ့သော်လည်း သွင်းကုန်များ ပိုမိုမြင့်တက် လာခဲ့သည်။
ဇွန်လတွင် ဘရပ်ဆဲလ်သည် ရုရှား LNG ကို ပထမဆုံးအကြိမ် ပစ်မှတ်ထားခဲ့ပြီး ပြန်လည်တင်ဆောင်ခြင်း လုပ်ငန်းများ၊ သင်္ဘောမှသင်္ဘောလွှဲပြောင်းခြင်းနှင့် အီးယူမှတစ်ဆင့် တတိယနိုင်ငံသို့ ပြန်လည်တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် သင်္ဘောမှသင်္ဘော လွှဲပြောင်းခြင်းများကို တားမြစ်ခဲ့သည်။
ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့သည် အီးယူအတွင်း ရုရှား LNG ကို ယမန်နှစ်တွင် အများဆုံး ဝယ်ယူသည့်နိုင်ငံများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။
တစ်ချိန်တည်းတွင် တန်ချိန် ၁၅ ဒသမ ၂ သန်းနှင့် ညီမျှသော စုစုပေါင်းတင်ပို့မှု၏ ၄၅ % ခန့်ကို အာရှ ဈေးကွက်များသို့ ဦးတည်ခဲ့သည်။ တရုတ်နိုင်ငံက တန်ချိန် ၇ သန်း တင်သွင်းခဲ့ပြီး၊ ဂျပန်က တန်ချိန် ၅ ဒသမ ၇ သန်း တင်သွင်းခဲ့ကာ တူကီယဲ နှင့် ကူဝိတ်တို့သို့လည်း တင်ပို့ခဲ့ရကြောင်း သိရှိရပါသည်။
ကိုးကား-RT