လာမည့်ဇန်နဝါရီလတွင် ပဲရစ်သဘောတူညီချက်မှ အမေရိကန် နှုတ်ထွက်မည်ဟု ကုလသမဂ္ဂဆို
ကမ္ဘာကြီးပူနွေးလာမှုတိုက်ဖျက်ရေး နိုင်ငံတကာ မူဘောင်တစ်ခုဖြစ်သည့် ပဲရစ်သဘောတူညီချက်မှ နှုတ်ထွက်ကြောင်း အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကို အကြောင်းကြားခဲ့သည်ဟု ကုလသမဂ္ဂက ဆိုပါသည်။
အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဇန်နဝါရီ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါနှုတ်ထွက်မှုသည် လာမည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။
အမေရိကန်သမ္မတ Donald Trump သည် အဆိုပါ သဘောတူညီချက်မှ နှုတ်ထွက်ရန် သမ္မတအမိန့်ကို ၎င်း၏ရာထူးသက်တမ်း ပထမဆုံးနေ့ဖြစ်သည့် လွန်ခဲ့သော သီတင်းပတ် ဇန်နဝါရီ ၂၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
သမ္မတ Trump ၏ ပထမသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်က အမေရိကန်သည် အဆိုပါဘောတူညီချက်မှ နှုတ်ထွက်ခဲ့သော်လည်း သမ္မတ Joe Biden လက်ထက် ၌ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ Dujarric က “ပဲရစ်သဘောတူညီချက်အတွက် ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီဆဲလ်စီးယပ်စ် အထိ ကန့်သတ်ရန် ထိရောက်သည့် ကြိုးပမ်း အားထုတ်မှု အားလုံးကိုပံ့ပိုးပေးရန် ထပ်လောင်း အတည်ပြုပါကြောင်း” ပြောကြားခဲ့ပါသည်။
အမေရိကန်သည် ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ဒုတိယအများဆုံး ထုတ်လွှတ်သည့် နိုင်ငံဖြစ်ပါသည်။
ကိုးကား-NHK World