နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု (Online Gambling) များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်
နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် လောင်းကစားမှု (Online Gambling)များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံး အရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ တို့မှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Online Scam လုပ်ငန်းများသည် ငွေကြေးလိမ်လည်မှုအပြင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်လုပ်ဆောင်လာမှု၊ အခက်အခဲများကြုံတွေ့နေရသော နိုင်ငံခြားသားများကို ကူညီရှာဖွေကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနေမှု၊ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်လာမှု၊ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့အပေါ်အခြေခံ၍ အရေးယူဆောင်ရွက်ခြင်းမပြုမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး Online Scam နှင့် Online Gambling တိုက်ဖျက်ရေး ဆောင်ရွက်နေမှု၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံတို့အကြား Shared responsibility ဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံအဆောက်အအုံ၊ လျှပ်စစ် ဓာတ်အား၊ အခြေခံစားသုံးကုန်များနှင့် အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ရယူ သုံးစွဲနေမှု၊ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်ပနိုင်ငံသားများက လုပ်ဆောင်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန (Police Cooperation Center) ထူထောင်၍ ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ အဆိုပါနိုင်ငံများအကြား Task Force တစ်ရပ်ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုနှင့် ပြည်နှင်လွှဲပြောင်းမှု ဗဟိုကော်မတီအတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့် လောင်းကစားမှု(Online Gambling)များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်နေမှု၊ အဆိုပါ မှုခင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲဆက်သွယ်ရေးလမ်းကြောင်း အသီးသီးမှတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့များသို့ သတင်းဖလှယ်ဆောင်ရွက်နေမှု၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံအတွင်း အခက်အခဲများ ကြုံတွေ့နေသော နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေး ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြမှုတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖြတ်ကျော်မှုခင်းများ၏ သဘောသဘာဝအရ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံတို့အကြား ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန် လိုအပ်သဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား Task Force တစ်ရပ် ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်များကို လုပ်ငန်းစီမံချက် (Action Plan)နှင့်အညီ အကောင်အထည်ဖော်နိုင်ရန် Stakeholder အားလုံးပူးပေါင်းဆောင်ရွက်ရေး၊ Action Plan ကို ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကြေညာချက်များ၊ ထုတ်ပြန်ချက်များ၊ မူဝါဒလမ်းညွှန်ချက်များနှင့်ချိန်ညှိရေးဆွဲရေး၊ သက်ဆိုင်ရာအာဏာပိုင်များအကြား၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအကြား ဟန်ချက်ညီညီပေါင်းစပ်ညှိနှိုင်းပြီး လိုအပ် ချက်များကို အပြန်အလှန်ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ကြိုးကိုင်သူများကို စိစစ်ဖော်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရန် ဟန်ချက်ညီဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
Source: www.moha.gov.mm