နိုင်ငံ့စီးပွားရေးတိုးတက်စေရန်အတွက်သာမက ဥရောပ၏ Silicon Valley အဖြစ် ထွက်ပေါ်လာစေရန် ရည်ရွယ်ထားသည့် အောက်စဖို့-ကိန်းဘရစ် စီးပွားရေးစင်္ကြံ
ဗြိတိန်နိုင်ငံက ဖော်ဆောင်မည့် အောက်စဖို့-ကိန်းဘရစ်စီးပွားရေးတိုးတက်မှုစင်္ကြံသည်လာမည့် ၂၀၃၅ ခုနှစ်ခန့်တွင် နိုင်ငံ့စီးပွားရေးအတွက်စတာလင်ပေါင် ၇၅ ဘီလီယံ ထွက်ပေါ်လာစေနိုင်သောကြောင့် အစိုးရအနေဖြင့်၎င်းစင်္ကြံအတွင်း အခြေခံအဆောက်အဦစီမံကိန်းများ ဖော်ဆောင်ရေးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးရေချယ်ရိက ဇန်နဝါရီလ၂၉ ရက်တွင်ပြောသည်။
အဆိုပါ စင်္ကြံတွင် မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပေးမည့်စီမံကိန်းများအပါအဝင် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုအသစ်များ၊ အိမ်ရာစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် သောက်သုံးရေစီမံကိန်းများအပြင် ဉာဏ်ရည်တု (AI) နည်းပညာများပါဝင်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ၎င်းစင်္ကြံကို ဖော်ဆောင်ခြင်းအားဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုစေရန်အတွက်သာမက ဗြိတိန်အား ဥရောပ၏ Silicon Valley အဖြစ်ထွက်ပေါ်လာစေရန်ရည်ရွယ်ထားခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အောက်စဖို့-ကိန်းဘရစ် စီးပွားရေးတိုးတက်မှုစင်္ကြံတွင် စီးပွားရေးလုပ်ငန်းအများအပြားက ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်မည်ဟု ကြေညာ ထားပြီးဖြစ်သည်။ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများတွင် အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် moderna ပါဝင်လျက်ရှိပြီး ၎င်းကုမ္ပဏီက အောက်စဖို့ရှိုင်းယားတွင် စတာလင်ပေါင် တစ်ဘီလီယံရင်းနှီးမြှုပ်နှံထားသည်။
ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ လျှပ်စစ်ကားများအတွက် အားသွင်းပေးနိုင်သည့်ကွန်ရက်အား အဆင့်မြှင့်တင်ရန် စတာလင်ပေါင် ၆၅ သန်း၊ ဆိုလာပြားများ၊ လေစွမ်းအင်သုံးတာဘိုင်များနှင့် လျှပ်စစ်ကားများအတွက် လိုအပ်သည့်ကုန်ကြမ်းများအတွက် စတာလင်ပေါင် ၂၈ သန်းအသုံးပြုမည်ဖြစ်သည်။
Ref: Pbctoday
Source: Myawady Web Portal