ထရမ့်ဖွဲ့စည်းခဲ့သော အီလွန်မက်စ်၏ DOGE အဖွဲ့မှ တစ်ရက်လျှင် သန်း ၁၀၀၀ ဖြတ်တောက်နိုင်ဟုဆို

News Image

  • ထရမ့်ဖွဲ့စည်းခဲ့သော အီလွန်မက်စ်၏ DOGE အဖွဲ့မှ တစ်ရက်လျှင် သန်း ၁၀၀၀ ဖြတ်တောက်နိုင်ဟုဆို

Tesla နှင့် SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် ဦးဆောင်သော သမ္မတ ဒေါ်နယ်ထရမ့် ဖွဲ့စည်းထားသည့် အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) သည် ဖက်ဒရယ်အသုံးစရိတ်ကို တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလီယံခန့် ဖြတ်တောက်ထားနိုင်သည်ဟုဆိုသည်။ ၎င်းအေဂျင်စီသည် တရားဝင် X အကောင့်မှတစ်ဆင့် ကုန်ကျစရိတ်များကို နေ့စဉ် ဒေါ်လာ ၃ ဘီလီယံကျော် လျှော့ချရန် ရည်ရွယ်ထားကြောင်း ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

DOGE ကို ထရမ့်၏ သမ္မတရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ပထမဆုံးအဆိုပြုခဲ့ပြီး နောက်ပိုင်းတွင် သမ္မတ အကြံပေးကော်မရှင်အဖြစ် တရားဝင်ဖွဲ့စည်းခဲ့သည်။ အေဂျင်စီသည် ပြီးပြည့်စုံသောဗဟိုအလုပ်အမှုဆောင်ဌာနမဟုတ်ဘဲ အစိုးရအသုံးစရိတ်များကိုလျှော့ချရန် စိစစ်သည့် ယာယီအဖွဲ့အစည်းဖြစ်သည်။ ၎င်းအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ထောင်စုအသုံးစရိတ်ကို ဒေါ်လာ ၂ ထရီလီယံအထိဖြတ်တောက်ရန် ရည်မှန်းထားသည်။

DOGE သည် ဖက်ဒရယ်အစိုးရ၏ အသုံးစရိတ်စာရင်းကို စိစစ်နေခြင်းဖြစ်ပြီး အများစုမှာ မလိုအပ်သော ရာထူးနေရာများအတွက် လူများငှားရမ်းခြင်းကိုရပ်တန့်ခြင်း၊ DEI ဖျက်သိမ်းခြင်းနှင့် နိုင်ငံခြားအဖွဲ့အစည်းများထံ မလျော်ကန်သောငွေပေးချေမှုများကို ရပ်တန့်ခြင်းတို့ ဖြစ်ပြီးလုပ်ငန်းစဉ်အများစုမှာ သမ္မတ၏ ညွှန်ကြားချက်မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်ဟု အေဂျင်စီကဆိုပြီး အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ တစ်ရက်လျှင် ဒေါ်လာ ၁ ဘီလီယံခန့် ဖြတ်တောက်နိုင်လျက်ရှိကြောင်းဆိုပါသည်။

ထရမ့် သမ္မတမဖြစ်မီကတည်းက ကြိုတင်စီမံထားသည့် အစီအမံများသည် သမ္မတသက်တမ်း တစ်ပတ်အတွင်း ၌ပင် လုပ်ငန်းဆောင်ရွက်ချက်များကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိသည်။ အစိုးရအေဂျင်စီတစ်ခုဖြစ်သည့် မတူကွဲပြားမှုနှင့် သာတူညီမျှမှုဆိုင်ရာဌာန DEI သည် အပိုဖြစ်နေသည်ဟု သတ်မှတ်ခဲ့သည့်အတွက် အေဂျင်စီတစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်နိုင်ခဲ့ပြီး နိုင်ငံခြားအဖွဲ့အစည်းများသို့ ပေးနေသော မလျော်ကန်သည့် အထောက်အပံ့များကိုလည်း ပြန်လည်ဆန်းစစ်မှု ဆောင်ရွက်ရန်အတွက် ရက်၉၀ ကြာ ပိတ်ပင်ထားခဲ့သည်။ 

ကိုးကား-Myanmar National Post