ပူးပေါင်းတီထွင်ထားသော EV ဗင်ကားများကို ဂျပန် မော်တော်ကားကုမ္ပဏီ ၃ ခုက ဖြန့်ချိရောင်းချမည်

News Image

  • ပူးပေါင်းတီထွင်ထားသော EV ဗင်ကားများကို ဂျပန် မော်တော်ကားကုမ္ပဏီ ၃ ခုက ဖြန့်ချိရောင်းချမည်

ဂျပန် မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီ ၃ ခုက ၎င်းတို့ ပူးပေါင်းတီထွင်ထားသော လုပ်ငန်းသုံးအသေးစား လျှပ်စစ်မော်တော်ယာဉ် EV များကို ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

အစိုးရအသိအမှတ်ပြုလက်မှတ်ရရန်အတွက် Daihatsu ကုမ္ပဏီက ဘေးကင်းရေးစမ်းသပ်မှုအတုများ ပြုလုပ်ခဲ့ခြင်းမှတ်တမ်းများ ပေါ်ထွက်လာပြီးနောက် Daihatsu ၊ Toyota နှင့် Suzuki တို့သည် အဆိုပါယာဉ်တီထွင်မှုကို ယာယီရပ်ဆိုင်းခဲ့ပါသည်။

၎င်းမော်တော်ယာဉ်များကို ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပွဲဦးထွက်ရောင်းချရန် စီစဉ်ထားခဲ့သော်လည်း Daihatsu က ၎င်းတို့လုပ်ဆောင်ခဲ့မှုများအတွက် ပြေလည်အောင်ဖြေရှင်းပြီးမှသာ တီထွင်မှုကိုပြန်လည် စတင်ခဲ့ပါသည်။

Daihatsu နှင့် Suzuki တို့၏ အသေးစား မော်တော်ယာဉ်ထုတ်လုပ်မှုနည်းပညာကို Toyota ၏ EV နည်းပညာနှင့်ပေါင်းစပ်ပြီး EV အသေးစားဗင်ကားများကို တီထွင်ထားခြင်းဖြစ်သည်။

အဆိုပါမော်တော်ယာဉ်သစ်များကို Daihatsu က ထုတ်လုပ်မည်ဖြစ်ပြီး ကုမ္ပဏီ ၃ ခု၏ ကိုယ်ပိုင်အမှတ် တံဆိပ်များတပ်ဆင် ရောင်းချမည်ဟုသိရပါသည်။

အသေးစား EV ဗင်ကားများ၏ ဝယ်လိုအားမြင့်မားနေပြီး ဂျပန်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီအချို့က တရုတ် EV ကားများကို ပြောင်းလဲဝယ်ယူ လာနေကြခြင်းကြောင့် ပြိုင်ဆိုင်မှုများ ပြင်းထန်လာနေပါသည်။

ဝယ်လိုအားကို ပြည့်မီစေရန်အတွက် Mitsubishi Motors သည် လွန်ခဲ့သော ၃ နှစ်က EV မော်တော်ယာဉ်များရောင်းချမှုကို ပြန်လည်စတင်ခဲ့ပြီး Honda က အလားတူမော်ဒယ်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်ရောင်းချခဲ့ပါသည်။

ကိုးကား-NHK World