ဥရောပအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲကြရန် ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း
ဂျာမနီဝန်ကြီးချုပ် Olaf Scholz သည် ဥရောပ နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်များကို တိုးမြှင့်၍ နေတိုး၏ ဥရောပအခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရန် တိုက်တွန်းလိုက်ပါသည်။
“နေတိုး၏ ဥရောပအခန်းကဏ္ဍကို အားကောင်းစေရန် ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်သုံးစွဲကြရန် သဘောတူပါကြောင်း၊ ဥရောပအနေဖြင့် စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် လွယ်ကူစေမည့် စည်းမျဉ်းများ ချမှတ်ထားရန် လိုအပ်ပါကြောင်း၊ ဇန်နဝါရီ ၂၉ ရက် တွင် ဘောလ်တစ်ပင်လယ်ရေအောက်က ကေဘယ်လ်တစ်ခု ပျက်စီးသွားသည့်သတင်းများ ထွက်ပေါ်လာပါကြောင်း၊ ဤသည်မှာ ရုရှား၏ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ပြသနေခြင်းဖြစ်ပါကြောင်း၊ ဥရောပအနေဖြင့် ပိုမိုအားကောင်းသည့် ကာကွယ်ရေးလုပ်ငန်းများတည်ဆောက်ရန်အတွက် လာမည့် ဖေဖော်ဝါရီ ၃ ရက်တွင် ပြုလုပ်မည့် ညီလာခံတွင် ဆွေးနွေးရန် ရှိပါကြောင်း” ဘာလင်တွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဂျာမနီ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။
နေတိုးမဟာမိတ်များ၏ ကာကွယ်ရေးအသုံးစရိတ်သည် GDP ၏ ၂ ရာခိုင်နှုန်းသာ ရှိသဖြင့် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲကြရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြုပြောကြားထားပါသည်။
နေတိုး၏ မူဝါဒမှာ ဥရောပတွင် တင်းမာမှုများတိုးမြင့်လာကာ ရုရှားနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့မည့် အန္တရာယ်ကို တိုးလာစေသည်ဟု မော်စကိုဘက်ကလည်း ထပ်ခါတလဲလဲပြောဆိုထားပါသည်။
ကိုးကား-TASS