တညင်းကုန်းလက်ကားဈေးကြီး၌ နယ်စုံမှထွက်ရှိသောရာသီပေါ်သစ်သီးဝလံများ လှိုင်လှိုင်ဝင်ရောက် ကာ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ
ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရှိ တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင် နယ်စုံမှထွက်ရှိသော သစ်သီး၀လံများကို အဓိကရောင်းချပြီး ယခုအခါ အဆိုပါဈေးကြီး၌ ရာသီပေါ် သစ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာလာရောက်ဝယ်ယူသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
တညင်းကုန်းလက်ကားဈေးကြီးတွင် ဒေသအသီးသီးမှထွက်ရှိသော ကုန်မျိုးစုံ၊ ကုန်ခြောက်မျိုးစုံ၊ သစ်သီး၀လံများ၊ ဟင်းသီးဟင်းရွက်များနှင့် ရာသီပေါ်သီးနှံ များကို လက်လီလက်ကားရောင်းချပေး လျက်ရှိပြီး လက်ရှိ တညင်းကုန်းလက်ကားဈေးကြီးရှိ ဈေးရုံငါးရုံတွင် ဆိုင်ခန်းပေါင်း ၇၆၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။
“ဈေးရုံအမှတ်(၁)မှာ ဆိုင်ခန်းပေါင်း ၁၀၀၀ လောက်ရှိပြီးတော့ အဲဒီဈေးရုံမှာ သစ်သီး၀လံတွေကို အဓိကရောင်းချတာ ပါ။ လက်ရှိမှာ ရာသီပေါ်သီးနှံတွေဖြစ်တဲ့ စတော်ဘယ်ရီသီး၊ ထောပတ်သီး၊ လိမ္မော် သီး၊ စပျစ်သီး၊ ပျားလိမ္မော်၊ ဆီးသီး စတဲ့ သစ်သီးဝလံတွေ အများအပြားဝင်ရောက် လျက်ရှိပါတယ်။ အဓိကက ရှမ်းပြည်နယ် ဘက်က ဝင်ရောက်တာများပါတယ်" ဟု တညင်းကုန်းလက်ကားဈေးကြီးမှ အထွေထွေမန်နေဂျာ ဦးရဲထွန်းကပြောသည်။
တညင်းကုန်းလက်ကားဈေးကြီး၏ ဈေးရုံအမှတ်(၁)တွင် သစ်သီး၀လံများ၊ ဈေးရုံအမှတ်(၂)တွင် ဟင်းသီးဟင်းရွက် များ၊ ဈေးရုံအမှတ် (၃)တွင် မီးဖိုချောင်သုံးကုန်မျိုးစုံနှင့်ကုန်ခြောက်ပစ္စည်းများ၊ ဈေးရုံအမှတ်(၄)တွင် ရာသီပေါ်သစ်သီး ၀လံများနှင့် သားငါးများ၊ ဈေးရုံအမှတ်(၅)တွင် ဆန်၊ ဆီ၊ ကြက်သွန်နီ စသည့်အခြေခံ စာသောက်ကုန်ပစ္စည်းများကို ရောင်းချ ပေးလျက်ရှိသည်။
တညင်းကုန်းလက်ကားဈေးကြီးတွင် ၀န်ဆောင်မှုများအနေဖြင့် လုံခြုံရေးအတွက် ဈေးအတွင်းနေရာအနှံ့အပြား တွင် CCTV ကင်မရာများ တပ်ဆင်ထား ခြင်း၊ လုံခြုံရေး၀န်ထမ်းများဖြင့် နေ့ည မပြတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ ၂၄ နာရီ လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးထား ခြင်း၊ စားသောက်ဆိုင်များနှင့် အများသုံး သန့်စင်ခန်းများ ဖွင့်လှစ်ပေးထားခြင်းများ ဆောင်ရွက်ထားရှိကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံအနှံ့မှရန်ကုန်မြို့သို့လာရောက်၍ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ကြသောကုန်တင်ယာဉ်အမျိုးမျိုး လုံခြုံစိတ်ချစွာ ညအိပ်ရပ်နားနိုင်စေရန် ဈေး၀င်းအတွင်း ၌ ယာဉ်ရပ်နားစခန်းကိုလည်း ဖွင့်လှစ် ထားရှိကြောင်း သိရသည်။
Source: Myawady Web Portal