အိန္ဒိယက ထိန်းချုပ်ထားသည့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း သေနတ်သမားများက ကမ္ဘာလှည့် ခရီးသွားများအပေါ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့်အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပွားခဲ့သည်။ ကုလသမဂ္ဂက နှစ်နိုင်ငံအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းတောင်းဆိုလျက်ရှိသည်။ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသွားများအား ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် အိန္ဒိယရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသော်လည်း မည်သူ့၌ တာဝန်ရှိသည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ယခုဖြစ်စဉ်တွင် နောက်ကွယ်မှ ပါကစ္စတန်က ပါဝင်ပတ်သက်မှုရှိကြောင်းနှင့် လက်တုန့်ပြန် တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း အိန္ဒိယ အစိုးရက စွပ်စွဲထားသော်လည်း ပါကစ္စတန်ဘက်ကမူ အိန္ဒိယ၏ စွပ်စွဲချက်ကို ငြင်းဆိုထားသည်။နှစ်နိုင်ငံတပ်ဖွဲ့များသည် နယ်စပ်တစ်လျှောက် တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိပြီး သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံလေကြောင်းခရီးစဉ်များကို ရပ်နားထားကြောင်းလည်း သိရှိရပါသည်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ကို ဧပြီလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်မှုသည် ကမ္ဘာ့နိုင်ငံများအတွက် ဆိုးကျိုးကို ဖြစ်နိုင်သဖြင့် နှစ်ဖက်၏တင်းမာမှုကို ဖြေလျှော့ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ကိုးကား-NHK Worldဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊ ဒုတိယဦးစီးမှူး၊ နစက-၄
Fri, 2-မေလ-2025