ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆ ပိုမိုကြီးမားသည့် စစ်ဌာနချုပ်တစ်ခုကို တရုတ်တည်ဆောက်ဟုဆို
တရုတ်နိုင်ငံကအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ထက် ၁၀ ဆ ပိုမိုကြီးမားသည့် စစ်ဌာနချုပ်တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း အမေရိကန်အရာရှိများ၏ပြောဆိုချက်ကို ကိုးကား၍ FT က ဇန်နဝါရီလ ၃၁ ရက်တွင်ဖော်ပြသည်။
အဆိုပါစစ်ဌာနချုပ်တွင် လက်နက်ကိုင်ပဋိပက္ခ၊ အထူးသဖြင့် နျူကလီးယားစစ်ပွဲဖြစ်ပွားခဲ့ပါက အကာအကွယ်ယူနိုင်မည့် ဘန်ကာအများအပြားပါဝင်ကြောင်း ဂြိုဟ်တုမှဖမ်းယူရရှိသည့် ဓာတ်ပုံများက ဖော်ပြလျက်ရှိကြောင်းသိရသည်။
ထို့ပြင် တရုတ်ကတည်ဆောက်နေသည့် စစ်ဌာနချုပ်တွင် ကွန်ကရစ်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် မြေအောက်ထွက်ပေါက်များ အပါအဝင် လျှို့ဝှက်စစ်စခန်းများလည်း ပါဝင်ကြောင်း FT ၏ဖော်ပြချက်အရသိရသည်။
တရုတ်နိုင်ငံသည် နည်းပညာ၊ စက်မှုနှင့် စီးပွားရေးနယ်ပယ်တွင် ယခင်ဆိုဗီယက်ယူနီယံက မပိုင်ဆိုင်ခဲ့သည့် စွမ်းအားများကိုပိုင်ဆိုင်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နှင့် တရုတ်တို့ကြား ပြိုင်ဆိုင်မှုက ၂၁ ရာစု၏လမ်းကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုအတွက် အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့ရူဘီယိုက ယခုလအစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Ref: Izvestia
Source: Myawady Web Portal