မာလီနိုင်ငံ ရွှေတွင်းတစ်တွင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွား အမျိုးသမီးများနှင့် ကလေးများအပါအဝင် ၁၃ ဦးသေဆုံး
ဘာမာကို ဖေဖော်ဝါရီ ၂
မာလီနိုင်ငံ အနောက်တောင်ပိုင်းရှိ ရွှေတွင်းတစ်တွင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးများနှင့် ကလေးများအပါအဝင် တစ်ပိုင်တစ်နိုင် ရွှေတူးသမား ၁၃ ဦး သေဆုံးခဲ့ရကြောင်း မာလီရွှေတူးဖော်သူများသမဂ္ဂက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သော ရွှေတွင်းသည် မာလီအနောက်တောင်ပိုင်း ကိုလီကိုရိုဒေသကျေးရွာတစ်ခုအနီး တည်ရှိကြောင်း သိရသည်။
ရွှေတွင်းရေလွှမ်းမိုးမှုဖြစ်စဉ်သည် ဇန်နဝါရီ ၂၉ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မာလီတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရွှံ့နစ်ရေများ လှောင်ထားသည့် ရွှံ့ကန်တစ်ကန် ကျိုးပေါက်ခဲ့ပြီးနောက် ရွှေတွင်းရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ကမ္ဘာ့ဈေးကွက်၌ ရွှေဝယ်လိုအားနှင့် ရွှေဈေးတက်လာမှုတို့ကြောင့် မာလီနိုင်ငံအပါအဝင် အနောက်အာဖရိကနိုင်ငံများ၌ တစ်နိုင်တစ်ပိုင် ရွှေတူးဖော်မှုလုပ်ငန်းများ အားကောင်းလာခဲ့သည်။
သို့ရာတွင် စည်းမဲ့ကမ်းမဲ့ရွှေရှာဖွေ တူးဖော်မှုများကြောင့်လည်း ရွှေတွင်းမတော်တဆမှုများလည်း မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ