ကမ္ဘာ့နိုင်ငံများကြား ပြင်းထန်လာဖွယ်ရှိသည့် AI နည်းပညာယှဉ်ပြိုင်မှု

News Image

  • ကမ္ဘာ့နိုင်ငံများကြား ပြင်းထန်လာဖွယ်ရှိသည့် AI နည်းပညာယှဉ်ပြိုင်မှု

AI model များဖြစ်သည့် DeepSeek နှင့် ChatGPT တို့အား ယှဉ်ပြိုင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံက ၎င်းတို့၏ AI model တစ်ခုကို ယခု ၂၀၂၅ ခုနှစ် အကုန်ပိုင်းတွင် ထုတ်ဖော်ပြသမည်ဟု  ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံအနေဖြင့်  စိုက်ပျိုးရေးကဏ္ဍ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး စသည့်ကဏ္ဍများတွင် AI နည်းပညာကို အသုံးပြုဖြေရှင်းနိုင်ရေးကြိုးပမ်းလျက်ရှိရာ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်သည့် အိန္ဒိယအစိုးရသည် လက်ရှိတွင် AI နည်းပညာမြှင့်တင်ရေးအဆိုပြုချက် ၁၈ ရပ်ကို အတည်ပြုလက်ခံပြီးဖြစ်သည်။

ထို့ပြင် ကိုယ်ပိုင် AI model ထုတ်လုပ်ရေးအတွက် ကြိုးပမ်းရာတွင်လည်း ယခုအခါ အခြေခံလိုအပ်ချက်များကို ထုတ်လုပ်ထားနိုင်သည့် အဆင့်သို့ရောက်ရှိနေပြီး နိုင်ငံ၏ထူးခြားသည့် အခြေအနေများနှင့် လိုအပ်ချက်များနှင့်ကိုက်ညီသည့် စနစ်တစ်ခုထုတ်လုပ်နိုင်ရန်အတွက်   အာရုံစိုက် လုပ်ဆောင်လျက်ရှိရာ  လာမည့် ၁၀ လအတွင်း AI model တစ်ခုကိုထုတ်ဖော်ပြသနိုင်မည်ဖြစ်ကြောင်း   အိန္ဒိယအီလက်ထရွန်နစ်နှင့် IT နည်းပညာဝန်ကြီး အက်ဝီနီ ဗိုင်ရှနောက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ AI model ထုတ်လုပ်ရေးသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ကုန်ကျနိုင်ပြီး  အစိုးရက  ဖော်ဆောင်နေသည့်  AI နည်းပညာမြှင့်တင်ရေးအစီအစဉ်တွင် ဘီလီယံနာတစ်ဦးဖြစ်သည့် မူကက်ရှ်အယ်ဘာနီ၏ Jio  Platform လည်းပါဝင်လျက်ရှိသည်။

အယ်ဘာနီ၏  Jio  Platform  သည် ဂူဂျာရက်ပြည်နယ် ဂျမ်နာဂါမြို့တွင် ကမ္ဘာ့အကြီးဆုံး ဒေတာအချက်အလက်စင်တာတစ်ခုကို တည်ထောင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု Bloomberg ကယခုလအစောပိုင်းတွင်ဖော်ပြခဲ့သည်။ ထို့ပြင် အယ်ဘာနီဦးဆောင်သည့် Reliance Industries လုပ်ငန်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံစိမ်း သန့်စင်ရေးစက်ရုံကို အဆိုပါ မြို့တွင်ဖွင့်လှစ်ထားသည်။

အိန္ဒိယနိုင်ငံ၏  ထုတ်ဖော်ပြောကြားချက်သည် တရုတ်နိုင်ငံ၏ DeepSeek AI model ကြောင့် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများတွင် ဂယက် ရိုက်ခတ်မှုများဖြစ်ပွားပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားတရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Alibaba သည် DeepSeek AI model ထက်ပိုမိုသာလွန်ကောင်းမွန်သည့် Qwen 2.5-Max ကို ထုတ်လုပ်နိုင်ခဲ့သည်ဟု တရုတ်နှစ်သစ်ကူးအခါသမယတွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ယခုအခါ AI နည်းပညာတွင် ပြိုင်ဆိုင်မှုသည်  ပိုမိုကြီးထွားလာပြီဖြစ်သည်ဟုဆိုနိုင်သည်။

အဆိုပါပြိုင်ဆိုင်မှုတွင်  တရုတ်ကုမ္ပဏီများ၏   ကုန်ကျစရိတ်သက်သာသည့် AI  model  များကြောင့်  အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်ထားသည့် ကုမ္ပဏီအများစုမှာ  အံ့အားသင့်ခဲ့ရသည့်အပြင် အစိုးရအဖွဲ့အတွက်ပါ စိုးရိမ်မကင်းဖြစ်စေခဲ့သည်။

အမေရိကန်နည်းပညာကုမ္ပဏီများအား ဂယက်ရိုက်စေခဲ့သည့်အရာမှာ DeepSeek က ထုတ်လုပ်ခဲ့သော DeepSeek R1 model ဖြစ်သည်။ ၎င်း၏ စွမ်းဆောင်ရည်သည် OpenAI ကို ပခုံးချင်းယှဉ်နိုင်သည့်အပြင် Open-source ဖြစ်ပြီး hardware ပိုင်း အရင်းအနှီးကုန်ကျစရိတ်မှာ သက်သာမှုရှိသောကြောင့် အမေရိကန် Nvidia ကဲ့သို့သော ကုမ္ပဏီကြီး၏ အစုရှယ်ယာများမှာ ဒေါ်လာ  ၅၉၃  ဘီလီယံခန့်မှာ တစ်ရက်တည်းမှာပင် ထိုးကျသွားခဲ့ရသည်။

၎င်းဖြစ်စဉ်သည် အမေရိကန်စတော့ စျေးကွက်သမိုင်းမှာ  တစ်ရက်အတွင်း စတော့တန်ဖိုးကျဆင်းမှုအများဆုံးပမာဏ ဖြစ်လာခဲ့သည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံအများအပြားက DeepSeek ၏ စွမ်းဆောင်ရည်အပေါ် ကြိုက်နှစ်သက်ခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်မှာ နောက်ဆုံး version ထွက်ပေါ်လာပြီး Apple Store ၌ လူအများဆုံး download ရယူခဲ့ရသည့်    အပလီကေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့၏ AI model များကြား  ကွဲပြားစေသည့်အချက်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်ပြီး DeepSeek အနေဖြင့် ၎င်းတို့၏နောက်ဆုံးပေါ်AI  ကို ထုတ်လုပ်ရန်အတွက်  ဒေါ်လာ ၅ ဒသမ ၆ သန်းအသုံးပြုခဲ့ရပြီး OpenAI ကမူ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းမှာ ဒေါ်လာ ၅ ဘီလီယံသုံးစွဲခဲ့ရသည်ဟု ပြောကြားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ DeepSeek ၏ထုတ်လုပ်မှုကုန်ကျစရိတ်မှာ အဆပေါင်းများစွာကွာခြားလျက်ရှိသည်။

ယခုအခါ Alibaba က DeepSeek AI model ထက်ပိုမိုသာလွန်ကောင်းမွန်သည့် Qwen 2.5-Max ကို ထုတ်လုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည့်အပြင် အိန္ဒိယနိုင်ငံကလည်း ၎င်းတို့၏ AI model ကို ယခု နှစ်ကုန်ပိုင်းတွင် ထုတ်လုပ်မည်ဟု ဆိုထားသောကြောင့် ကမ္ဘာ့နိုင်ငံများကြား AI နည်းပညာယှဉ်ပြိုင်မှုသည် အရှိန်အဟုန်ပြင်းထန်စွာ စတင်လာပြီဟုဆိုနိုင်သည်။

Ref: RT, Tomsguide

Source: Myawady Web Portal