ယူကရိန်းအား အမေရိကန်ထောက်ပံ့မှု ကန်ဒေါ်လာ ဘီလီယံ ၂၀၀ မရှိဟု ဇီလန်စကီးပြော
ယူကရိန်းကို အမေရိကန်၏ ကူညီထောက်ပံ့မှု ကန်ဒေါ်လာ ဘီလီယံ ၂၀၀ (သန်းပေါင်း ၂ သိန်း) ကျော်နေပြီဟူသော သတင်းများနှင့်ပတ်သက်၍ အမေရိကန်က ၎င်းတို့ကို ပေးအပ်ခဲ့သည့် စစ်လက်နက်နှင့် အခြားထောက်ပံ့ရေး အကူအညီသည် ၇၅ ဘီလီယံကျော်သာ ရှိကြောင်းနှင့် ဘီလီယံ ၂၀၀ ကျော်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါသည်။
ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းအား အကူအညီပေးရာတွင် အမေရိကန်နှင့် တန်းတူပေးသင့်ကြောင်း တောင်းဆိုလိုက်ပြီး အမေရိကန်အနေဖြင့် ထောက်ပံ့မှု စုစုပေါင်း ဘီလီယံ ၂၀၀ ရှိကြောင်း ပြောဆို ခဲ့ပါသည်။ ဒုသမ္မတ ဗန့်စ်ကလည်း ထရမ့်နည်းတူပြောဆိုခဲ့ပြီး ရည်မှန်းချက် မည်မျှအထိ အောင်မြင်ခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်ဟု သိရှိရပါသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် Associated Press သတင်းဌာနနှင့် အင်တာဗျူးတွင် ဇီလန်စကီးက ယူကရိန်းသည် ထိုပမာဏ၏တစ်ဝက်ကိုပင် မရခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။ “စစ်ပွဲအတွင်း ယူကရိန်းစစ်တပ်အား ထောက်ပံ့ရန် ဒေါ်လာ ဘီလီယံ ၂၀၀ ပေးခဲ့သည်ဆိုသည်မှာ မမှန်ကန်ကြောင်းနှင့် ၎င်းအချက်အလက်သည် စာရင်းအရ မှန်ကန်နိုင်သော်လည်း ဒေါ်လာ ၇၆ ဘီလီယံခန့်သာရရှိခဲ့ပြီး ကူညီထောက်ပံ့မှုအတွက်ကျေးဇူးတင်ကြောင်း” ဇီလန်စကီးက ပြောကြားခဲ့ပါသည်။
၂၀၂၂ ခုနှစ် ကတည်းက အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် အကြမ်းဖျင်းအားဖြင့် ၁၇၅ ဘီလီယံ ခွင့်ပြုထားပြီးဖြစ်သော်လည်း အဆိုပါရန်ပုံငွေ၏ အချို့သော အစိတ်အပိုင်းများသည် အမေရိကန်စက်မှု လုပ်ငန်းများနှင့် ပဋိပက္ခနှင့်ဆက်စပ်သည့် အမေရိကန် အစိုးရ၏ လှုပ်ရှားမှုများထံ ရောက်ရှိသွားသည်ဟု သိရှိရပါသည်။ ဂျာမနီနိုင်ငံ Kiel Institute ၏ အဆိုအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်သည် ယူကရိန်းအား ငွေကြေးနှင့် စစ်ရေးအကူအညီ ဒေါ်လာ ၉၂ ဘီလီယံခန့် ခွဲဝေပေးခဲ့ပြီး အီးယူနိုင်ငံများနှင့် ယူကေတို့က ၁၃၁ ဘီလီယံ ပေးခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား-Myanmar National Post
Photo: tsn.ua