ဆင်ထိန်းအို၏ နောက်ဆုံးဆန္ဒ ပြည့်ဝခဲ့
ဩစတြေးလျရှိ Perth တိရစ္ဆာန်ရုံတွင် ဆင်ထိန်းအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ Grant Harris အမည်ရှိ အမျိုးသားတစ်ဦးသည် နေမကောင်းဖြစ်၍ ကွယ်လွန်ခါနီးအချိန်တွင် နောက်ဆုံးဆန္ဒအဖြစ် ၎င်းငယ်စဉ်က စောင့်ရှောက်ခဲ့ရသည့် Permai ဆင်ကို သွားရောက် နှုတ်ဆက်ရန် ဆန္ဒပြင်းပြနေခဲ့ပါသည်။
Grant Harris သည် Perth တိရစ္ဆာန်ရုံတွင် ဆင်ထိန်းအဖြစ် ၂၇ နှစ်တိုင်မျှ လုပ်ကိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် Perth သို့ရောက်ရှိလာသည့် Permai ဆင်ကို ကျွေးမွေး စောင့်ရှောက်လာခဲ့သည်။ Grant Harris သေတမ်းစာတွင် မကြာမီတွင် Perth တိရစ္ဆာန်ရုံမှ ဩစတြေးလျ တောင်ပိုင်း မွန်တာတိုရှိ Safari ပန်းခြံနေအိမ်သစ်သို့ ပြောင်းရွှေ့တော့မည့် အသက် ၃၅ နှစ်အရွယ် Permai ဆင်ကို မိသားစုနှင့်အတူ နောက်ဆုံးအကြိမ် သွားရောက်နှုတ်ဆက်လိုကြောင်း ပြောပြခဲ့သည်။
Ambulance Wish WA နှင့် Perth တိရစ္ဆာန်ရုံရှိ စေတနာ့ဝန်ထမ်းများ၏အကူအညီဖြင့် အသက် ၆၄ နှစ် အရွယ် Grant Harris သည် Permai နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ Permai က သူမအား စောင့်ရှောက်ခဲ့သူ Harris ကို သတိရမှတ်မိနေကြောင်း ပြသခဲ့သလို နှစ်ဦးသားပြန်လည်တွေ့ဆုံမှုမှာ ဖော်မပြနိုင်သည့် ဝမ်းနည်းဝမ်းသာခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
Mr Harris သည် ၎င်းသံယောဇဉ်ဖြစ်ခဲ့ရသော Permai ကို တွေ့ဆုံရပြီး ၂ ရက်အကြာတွင် ကွယ်လွန်သွားခဲ့ပါသည်။
ကိုးကား-The West Australian