အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ( USAID ) website ရုတ်တရက် ပိတ်သိမ်းသွား

News Image

  • အမေရိကန်  နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ( USAID )  website ရုတ်တရက် ပိတ်သိမ်းသွား

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ website မှာ ဖေဖော်ဝါရီ ၁ ရက်(စနေနေ့)မှစ၍ အွန်လိုင်းပေါ်တွင် ပိတ်သွားခဲ့ပြီဖြစ်ပါသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံတကာအကူအညီပေးရေးအစီအစဉ်များကို ဆိုင်းငံ့လိုက်ပြီးနောက် USAID ဝန်ထမ်းများ အလုပ်ရပ်ဆိုင်းခြင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ စီမံကိန်း ထောင်နှင့်ချီဆိုင်းငံ့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယခု website ပိတ်သိမ်းသွားမှုမှာ ထိုအခြေအနေများနှင့် ဆက်စပ်နေသည်ဟု ယူဆရပါသည်။

အတိုက်အခံ ဒီမိုကရက်လွှတ်တော်အမတ်များက သမ္မတ ထရမ့်အစိုးရသည် USAID  ၏ လွတ်လပ်သောလုပ်ငန်းများကို အဆုံးသတ်စေပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနလက်အောက်ခံ လွှမ်းမိုးခြယ်လှယ်ရန် လုပ်ဆောင်နေသည်ဟု စိုးရိမ်ကြောင်း ပြောကြားနေကြပါသည်။ USAID သည် အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုထားသော ရန်ပုံငွေဖြင့် သီးခြားရပ်တည်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သဖြင့် ဒေါ်နယ်ထရမ့် က ဖျက်သိမ်းရန် အခွင့်အာဏာမရှိကြောင်း၊ USAID ၏ လုပ်ငန်းများသည် အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်းကိုလည်း ဒီမိုကရက်တစ်များက သတိပေးထားကြသည်။ 

ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များကမူ နိုင်ငံတကာအကူအညီနှင့်ဖွံ့ဖြိုးရေးအထောက်အပံ့အများစုမှာ ဖြုန်းတီးနေခြင်းသာ ဖြစ်သည် ဟု ပြောကြားခဲ့ပါသည်။ ဒေါ်နယ်ထရမ့် သမ္မတ ရာထူးစတင်တာဝန်ယူချိန်တွင် အမေရိကန်က နိုင်ငံတကာကို ထောက်ပံ့ပေးနေသည့် အကူအညီများအား ရပ်ဆိုင်းလိုက်ပြီး သီတင်း ၂ ပတ်အကြာတွင် USAID ကို ချုပ်ကိုင်မည်ဆိုသည့် စိုးရိမ်မှုများ ရှိနေကြသည်။

ကိုးကား-AP

ပိုမို ဖတ်ရှုရန်
https://sacministry.gov.mm/my/news/2292