ရေစိုခံ၊ မီးလောင်ခံပြီး သံမဏိထက်ပိုမာတဲ့ သစ်သားတစ်မျိုး

News Image

  • ရေစိုခံ၊ မီးလောင်ခံပြီး သံမဏိထက်ပိုမာတဲ့ သစ်သားတစ်မျိုး

ကျွန်တော်တို့သိထားတဲ့ သစ်သားဆိုတာက ရေစိုရင်ပွမယ်။ မီးလောင်ရင်ပြာ ဖြစ်မယ်။ ချိုးလိုက်ရင် ကျိုးသွားမယ်ပေါ့။ ဒါပေမဲ့ အခုထွက်ပေါ်လာတဲ့ သစ်သားတစ်မျိုးက ပြောရမယ်ဆိုရင် သစ်သားမဟုတ်တဲ့ သစ်သားလို့ ဆိုရမယ်ထင်ပါတယ်။

အမေရိကန်မှ ဇီဝနည်းပညာကုမ္ပဏီ တစ်ခုဖြစ်တဲ့ InventWood က အပြင်ပန်းနဲ့ ထိတွေ့ကိုင်တွယ်မှုမှာ တကယ့်သစ်သားနဲ့ တူပေမယ့် သူ့ရဲ့ခိုင်ခံ့မှုနဲ့ တာရှည်ခံနိုင်မှုအပိုင်းမှာတော့ သံမဏိထက်ကို   ပိုတဲ့ သစ်သားတစ်မျိုးကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ သူတို့က   သာမန်သစ်သားကိုပဲ သူ့ရဲ့မူလပုံစံထက် ၁၀ ဆပိုမိုမာကျောတဲ့ သစ်သားအဖြစ်ပြောင်းလဲလိုက်တာပါ။ သူ့အတွက်နာမည်ကိုတော့ SuperWood လို့ပေးထားပါတယ်။

မီးလောင်ခံ၊ ရေစိုခံ၊ ကြွက်ကိုက်ခံတဲ့ အပြင် ပိုးကောင်တွေကိုက်မှုကိုခံနိုင်ရည်ရှိတဲ့ အိမ်ဆောက်ပစ္စည်းနည်းပညာကို ဖန်တီးသူက မာရီလန်းတက္ကသိုလ်မှ ပါရဂူ ဘွဲ့ရပညာရှင် လျန်ဘင်းဟူ ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလိုမျိုး သီးသန့်ဖြစ်တဲ့ပုံစံကိုရရှိဖို့အတွက် ပညာရှင်များက သစ်သားထဲမှာ ရှိတဲ့ တချို့သောအစိတ်အပိုင်းများစွာကို ဖယ်ထုတ်ပြီး တိကျမှုရှိတဲ့ အခြေအနေတစ်ရပ်မှာ ဖိသိပ်လိုက်တာဖြစ်ပါတယ်။ အဲဒီကနေ ရရှိလာတဲ့သစ်သားက သူ့ရဲ့မူလ အရည်အသွေးတွေဖြစ်တဲ့ နွေးထွေးမှု၊ ထိတွေ့နိုင်မှုပုံစံ၊အလုပ်လုပ် နိုင်စွမ်းနဲ့ သဘာဝကျတဲ့ အလှအပတို့ကို ဆက်လက်ထိန်းသိမ်းပေး ထားပေမယ့် စွမ်းဆောင်နိုင်စွမ်းကတော့ သစ်သားဆိုတာထက်ပိုသွားတာပါ။ အခုဆိုရင် InventWood ကုမ္ပဏီက  အမေရိကန်ဒေါ်လာ  ၁၅  သန်း ရင်းနှီးမြှုပ်နှံပြီး SuperWood ထုတ်လုပ်မှုတွေကို စတင်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

Source: https://myawady.net.mm/