အမေရိကန်မှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ဟု အယ်လ်ဆာဗေဒေါနိုင်ငံ သမ္မတပြော

News Image

  • အမေရိကန်မှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ဟု အယ်လ်ဆာဗေဒေါနိုင်ငံ သမ္မတပြော

      အယ်လ်ဆာဗေဒေါနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးလိုက်သည့် ရာဇဝတ်သားများအား အခကြေးငွေဖြင့် လက်ခံထားနိုင်ကြောင်း ယင်းနိုင်ငံသမ္မတ နာယစ် ဘူကယ်လီက ဖေဖော်ဝါရီလ ၄ ရက်တွင်ပြောသည်။

အမေရိကန်မှ ရာဇဝတ်သားများနှင့် ရွှေ့ပြောင်းနေထိုင်သူများအား နေရာချထားနိုင်ရန်အတွက် နိုင်ငံအတွင်းရှိ အကျဉ်းထောင် အကြီးစားဖြစ်သည့် အကြမ်းဖက်သမားများ ထိန်းသိမ်းရေးစခန်းကို အသုံးပြုရန် အသင့်ရှိကြောင်း နာယစ် ဘူကယ်လီက ၎င်း၏ ဆိုရှယ်မီဒီယာဝက်ဆိုက်တွင် ရေးသားဖော်ပြသည်။

ထို့ပြင် ရာဇဝတ်သားများနှင့်  အမေရိကန်မှ ပြည်နှင်ဒဏ်ပေးခံရသူများအား လက်ခံရာတွင် ပေးအပ်မည့် အခကြေးငွေသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးကျေးဇူးကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း  ၎င်းက ဆက်လက်ရေးသားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုနှစ် ဧပြီလတွင် နိုင်ငံအတွင်းရှိ အကာအကွယ် ပေးထားသည့် ဗင်နီဇွဲလားနိုင်ငံသား ၃၄၈,၀၀၀ ၏ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးပြီးနောက် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးနိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင်   နိုင်ငံအတွင်းရှိ  တရားမဝင်ရွှေ့ပြောင်းသူများ ဝင်ရောက်မှုကိုတိုက်ဖျက်ရန်အတွက်   ထရမ့်ကနိုင်ငံအတွင်း၌ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာရန် ရည်ရွယ်ထားကြောင်း Politico က ဖော်ပြခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal