UNHRC မှ အမေရိကန်က နုတ်ထွက်ရန်နှင့် UNRWA အား ရန်ပုံငွေ ထောက်ပံ့မှုရပ်တန့်ရေး သက်တမ်းတိုးရန်အတွက် ထရမ့် လက်မှတ်ရေးထိုးမည်

News Image

  • UNHRC မှ အမေရိကန်က နုတ်ထွက်ရန်နှင့် UNRWA အား ရန်ပုံငွေ ထောက်ပံ့မှုရပ်တန့်ရေး သက်တမ်းတိုးရန်အတွက် ထရမ့် လက်မှတ်ရေးထိုးမည်

ဝါရှင်တန်၊ နိုင်ငံရေး

    ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှ အမေရိကန်က နုတ်ထွက်ရန်နှင့် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) အား ရန်ပုံငွေထောက်ပံ့မှုရပ်တန့်ရေး သက်တမ်းတိုးရန်အတွက် အမိန့်ကြေညာချက်တစ်စောင်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

ထရမ့်သည် ၎င်း၏  သမ္မတပထမသက်တမ်း ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်အတွင်းကလည်း   အစ္စရေးနိုင်ငံအပေါ် ရန်လိုသည့်အပြုအမူများ ပြသသည်ဟူသော အကြောင်းပြချက်ဖြင့် UNHRC မှ နုတ်ထွက်ခဲ့သည်။ UNHRC တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၄၇ နိုင်ငံပါဝင်သည်။

သို့သော်  ဂျိုးဘိုင်ဒင်သမ္မတအဖြစ် တက်ရောက်လာပြီးနောက် ၂၀၂၁ ခုနှစ်တွင် အမေရိကန်အနေဖြင့်  UNHRC တွင် လေ့လာသူအဖြစ်  ပြန်လည်ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘလင်ကင်က  ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ  (UNRWA)  သည် ၁၉၅၀ ပြည့်နှစ်များမှစ၍ ဂျော်ဒန်၊ လက်ဘနွန်၊  ဂါဇာ၊  အနောက်ဘက်ကမ်းခြေဒေသနှင့်  အရှေ့ဂျေရုဆလင်ရှိ  ပါလက်စတိုင်း ဒုက္ခသည်များအား  အကူအညီပေးအပ်လျက်ရှိကြောင်း သိရသည်။

Source: Myawady Web Portal