ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့် အခြားနည်းပညာပစ္စည်းများတွင် DeepSeek အသုံးပြုခွင့် ပိတ်ပင်
နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဩစတေးလျအစိုးရဌာနများရှိ ကွန်ပျူတာနှင့်နည်းပညာပစ္စည်းများ အားလုံးတွင် တရုတ်ကုမ္ပဏီပိုင် DeepSeek ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း ဩစတေးလျ အစိုးရက ဖေဖော်ဝါရီ ၄ ရက်(အင်္ဂါနေ့)တွင် ပြောကြား လိုက်ပါသည်။
“DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် တပ်ဆင်ခြင်းအား တားမြစ်ရန်နှင့် DeepSeek ထုတ်ကုန်များ၊ အပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများကို အသုံးပြုလျက်ရှိသော အစိုးရဌာနများ၏ကွန်ပျူတာနှင့် နည်းပညာပစ္စည်းများအားလုံးမှ ဖယ်ရှားပစ်ရန်” ပြည်ထဲရေးဝန်ကြီးက အစိုးရဌာနများအားလုံး လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။
DeepSeek သည် အစိုးရအဖွဲ့အစည်းများအတွက် နည်းပညာဆိုင်ရာ ကြီးမားသောအန္တရာယ်ဖြစ်ပြီး ယခုကဲ့သို့ DeepSeek အသုံးပြုခွင့်အား ရုတ်တရက် ပိတ်ပင်ရခြင်းမှာ ဩစတြေးလျနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သတင်းမီဒီယာများက ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ဖော်ပြထားသည်။
ထိုပိတ်ပင်မှုမှာ ဩစတေးလျနိုင်ငံသားများပိုင် နည်းပညာပစ္စည်းများနှင့် မသက်ဆိုင်ကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။
ကိုးကား-Reuters