ဂါဇာတွင်နေထိုင်လျက်ရှိသည့်ဒေသခံများကို ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် အစ္စရေးကာကွယ်ရေးဝန်ကြီး တောင်းဆို

News Image

  • ဂါဇာတွင်နေထိုင်လျက်ရှိသည့်ဒေသခံများကို ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် အစ္စရေးကာကွယ်ရေးဝန်ကြီး တောင်းဆို

အစ္စရေးကာကွယ်ရေးဝန်ကြီးသည် ဂါဇာတွင်နေထိုင်လျက်ရှိသည့် ဒေသခံများကို အခြားနေရပ်သို့ ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ထားရန် အမိန့်ပေးလိုက်သည်ဟု သိရပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲပြောင်းရယူမည်ဟု လွန်ခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အစ္စရေးကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသတွင် နေထိုင်သူများကို အရှေ့အလယ်ပိုင်းဒေသ၏ အခြားနေရာများသို့ ပြောင်းရွှေ့ရန် ပြောဆိုခဲ့ပါသည်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက “‌ဒေါ်နယ်ထရမ့်၏ လုပ်ရပ် သည် သမိုင်းဝင်လုပ်ရပ်ဖြစ်ကြောင်း၊ ၎င်း၏ အကြံဉာဏ် အယူအဆများသည် တစ်မူကွဲပြားခြားနားသဖြင့် ယင်း အစီအစဉ်ကို ကြိုဆိုပါကြောင်း”  ပြောကြားသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးက ဂါဇာဒေသတွင် အစ္စရေးက စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းကို ကန့်ကွက်ခဲ့သည့် နိုင်ငံများသည် ဂါဇာဒေသတွင် နေထိုင်သူများကို ခေါ်ယူထားရမည်ဖြစ်ကြောင်း ၊ စပိန်၊ အိုင်ယာလန်၊ နော်ဝေးနှင့် ဂါဇာဒေသတွင် အစ္စရေး၏စစ်ဆင်ရေးကို ကန့်ကွက်ခဲ့သော နိုင်ငံများအားလုံးသည် ဂါဇာဒေသခံများကို တရားဝင်နေထိုင်ခွင့်ပေးရမည်ဖြစ်ပြီး ငြင်းဆန်ပါက ၎င်းတို့၏ အရေခြုံမှုကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံသည် လူဝင်မှု ကြီးကြပ်ရေးအစီအစဉ်များချမှတ်ထားပြီး ဂါဇာကမ်းမြောင်ဒေသခံများကို လက်ခံရန်ဆန္ဒရှိကြောင်း ယခင်ကထုတ်ဖော်ပြောဆိုခဲ့သည် ဟု ပြောပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်များသည် အငြင်းပွားဖွယ်ဖြစ်နေပြီး အရှေ့အလယ်ပိုင်းဒေသအတွင်း နိုင်ငံများအကြား ဝေဖန်မှုမြင့်တက်နေပါသည်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး ဒုတိယအဆင့်လုပ်ဆောင်ရန် နီးကပ်နေချိန်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂါဇာဒေသကို လွှဲယူမည့်အစီအစဉ်အား ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်များနှင့် ပတ်သက်၍ လာမည့်သီတင်းပတ်အတွင်း၌ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသည့် ဂျော်ဒန်ဘုရင်၏ အစီအစဉ်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ငြင်းဆန်ခဲ့ပါသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံက ပါလက်စတိုင်း ဒေသခံများ နေရပ်စွန့်ခွာရန်နှင့် နယ်မြေသိမ်းယူခံရမည့်အစီအစဉ်ကို ဆန့်ကျင်ကြောင်းပြောပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်များသည် ပါလက်စတိုင်း ဒေသခံများကို မောင်းထုတ်လိုသည့် အစ္စရေးအစိုးရ၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဆိုပါသည်။ 

ကိုးကား-NP News