ICC အပေါ် ထရမ့်၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအား နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရှုတ်ချ
နိုင်ငံတကာရာဇဝတ်ခုံရုံး International Criminal Court (ICC) က အစ္စရေးအရာရှိကြီးများအား စစ်ရာဇဝတ်မှုဖြင့် စွဲချက်တင်ခြင်းမှာ ဆိုးရွားသောလုပ်ရပ်ဟု စွပ်စွဲပြောဆို၍ ICC နှင့် ၎င်း၏ ဝန်ထမ်းများအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူကြောင်းအမိန့်တစ်ရပ်ကို ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၆ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပါသည်။
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ICC ဝန်ထမ်းများနှင့် မိသားစုဝင်များအပေါ် စီးပွားရေးနှင့် ခရီးသွားလာခွင့်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပါဝင်ပါသည်။
ICC အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကပြစ်တင်ခဲ့ကြပြီး အဆိုပါဒဏ်ခတ် ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ရရန်အတွက် တရားရုံး၏ အခန်းကဏ္ဍမှာ အရေးပါကြောင်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီး Caspar Veldkamp က ပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာ အားကောင်းစေရန် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စာချုပ်ပါ တာဝန်ဝတ္တရားများကို မပျက်မကွက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ဆက်လက်ပြောကြားထားသည်။
ICC ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ထရမ့်က လက်မှတ်ရေးထိုးခဲ့ခြင်းသည် အဆင်အခြင်မဲ့သောလုပ်ရပ်တစ်ခုဖြစ်သကဲ့သို့ အငြိုးကြီးပြီး ရန်လိုသောလုပ်ရပ်ဟု လည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Agnes Callamard က ပြောဆိုရှုတ်ချခဲ့ပြီး တရားရုံး၏ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးလွတ်လပ်ခွင့်ကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသည် သမ္မတထရမ့်၏ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို တားဆီးရန်နှင့် အဆိုပါပိတ်ဆို့မှု၏ သက်ရောက်မှု လျော့နည်းစေရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ ICC အဖွဲ့ဝင်နိုင်ငံများသည် တစ်ညီတစ်ညွတ်တည်း စုပေါင်းဆောင်ရွက်ခြင်းဖြင့် တရားရုံးနှင့် ၎င်း၏ ဝန်ထမ်းများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ချက်ချင်း အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း Callamard က ပြောကြားထားသည်။
ကိုးကား -AL Jazeera