အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Truman ပင်လယ်နီအတွင်းမှ ထွက်ခွာ
အမေရိကန်၏ USS Harry S. Truman လေယာဉ်တင်သင်္ဘောသည် ယခုသီတင်းပတ်အတွင်း ပင်လယ်နီမှ ထွက်ခွာခဲ့ပြီး Souda ပင်လယ်အော်အတွင်း၌ ဆိုက်ကပ်ခဲ့ကြောင်း အမေရိကန်ရေတပ်က ပြောကြားခဲ့ပါသည်။ USS Harry S. Truman လေယာဉ်တင် သင်္ဘောသည် အမေရိကန် အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ် (CENTCOM) ဧရိယာ၌ တိုက်ခိုက်ရေးစစ်ဆင်ရေးများကို နှစ်လကြာ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ထွက်ခွာခဲ့ခြင်း လည်းဖြစ်ပါသည်။ ပင်လယ်နီအတွင်း သွားလာနေသည့် ကုန်တင်သင်္ဘောများကို ယီမင်အခြေစိုက် ဟူသီ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများ ကာကွယ်ရန် အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် USS Harry S. Truman လေယာဉ်တင် သင်္ဘောသည် ပင်လယ်နီအတွင်းသို့ ရောက်ရှိနေခဲ့ခြင်းလည်း ဖြစ်ပါသည်။
USS Harry S. Truman လေယာဉ်တင်သင်္ဘော၏ ကွပ်ကဲရေးမှူး ဒေ့ဗ်စနိုးဒင်က “ထိုအဖွဲ့၏ ဝန်ဆောင်မှုများအတွက် ဂုဏ်ယူမိပါကြောင်း၊ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများက မိမိတို့၏သင်္ဘောကို စွမ်းဆောင်ရည် အမြင့်ဆုံးတွင် လည်ပတ်စေပြီး တိုက်ခိုက်ရေးစစ်ဆင်ရေးများကို ပံ့ပိုးပေးရန်အတွက် လေယာဉ်များကို အဆင်သင့်ဖြစ်နေစေပါကြောင်း” ပြောခဲ့ပါသည်။
အစ္စရေး-ဟားမက် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ယီမင် အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ကုန်တင်သင်္ဘောများကို တိုက်ခိုက်နေခြင်းအား တားဆီးရန်အတွက် USS Harry S. Truman လေယာဉ်တင် သင်္ဘောသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ပင်လယ်နီအတွင်းသို့ စတင်ဝင်ရောက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ လွန်ခဲ့သောသီတင်းပတ်တွင် အမေရိကန် စစ်တပ်နှင့် ဆိုမာလီယာအစိုးရတို့သည် ISIS-Somalia အကြမ်းဖက်အဖွဲ့ကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရှိရပါသည်။
ကိုးကား-NP News