ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျ နိုင်ငံတို့ ပူးတွဲရေကြောင်းစစ်ရေး လေ့ကျင့်ခဲ့
ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်နှင့် သြစတြေးလျနိုင်ငံများမှ ကာကွယ်ရေးတပ်ဖွဲ့များသည် တောင်တရုတ်ပင်လယ်၌ ပူးတွဲရေကြောင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါသည်။ အမေရိကန်သမ္မတအဖြစ် Donald Trump က တစ်ကျော့ပြန် တာဝန်ယူခဲ့ပြီးနောက် အဆိုပါ ၄ နိုင်ငံသည် ၎င်းတို့၏ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံးအကြိမ် သရုပ်ပြခဲ့ကြပါသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့် စီးပွားရေးဇုန်ရေပြင်၌ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၊ အမေရိကန်နှင့် သြစတြေးလျ ရေတပ်တို့မှ ဖျက်သင်္ဘောများနှင့် ဖိလစ်ပိုင်ရေတပ်မှ ဖရီးဂိတ်သင်္ဘောများ ပါဝင်ခဲ့ပါသည်။ အဆိုပါနိုင်ငံများ အချင်းချင်းအကြား စီမံခန့်ခွဲမှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်းသိရှိရပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Gilberto Teodoro တို့ တယ်လီဖုန်းဖြင့် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။
မိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့် ဒေသတွင်း ဟန့်တားမှုစွမ်းရည်များ ပြန်လည်ထူထောင်ရန်ဆွေးနွေးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနကဆိုသည်။ဖိလစ်ပိုင်စစ်တပ်၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကိုလည်း ၎င်းတို့ဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် အင်အားကို ချဲ့ထွင်နေပြီး ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ပြည်ထောင်စု၊အခြားမိတ်ဖက်နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တန်ပြန်ရန်ကြိုးပမ်းလျက်ရှိသည်။
ကိုးကား-NHK World