အိန္ဒိယနိုင်ငံသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း လျှော့ချ

News Image

  • အိန္ဒိယနိုင်ငံသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်း လျှော့ချ

အာရှ၏ တတိယအကြီးဆုံးစီးပွားရေး နိုင်ငံဖြစ်သည့် အိန္ဒိယတွင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလာခြင်းကို ဖြေရှင်းရန် အိန္ဒိယဗဟိုဘဏ်သည် ငါးနှစ် နီးပါးအတွင်း အတိုးနှုန်းကို ပထမဆုံးအကြိမ် လျှော့ချ လိုက်သည်။

Reserve Bank of India (RBI) သည်လည်း စီးပွားရေးပညာရှင်များ၏ မျှော်မှန်းချက်နှင့်အညီ ဖြစ်စေရန် ၎င်း၏ Repo Rate ကို ၆.၅ % မှ ၆.၂၅ % သို့ လျှော့ချခဲ့သည်။

Repo Rate သည် အိန္ဒိယဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေး ဘဏ်များအား ချေးပေးသည့် သတ်မှတ်ချက် (ကာလတို ချေးယူမှုပုံစံ) ဖြစ်သည်။ ပြီးခဲ့သည့် ၄ နှစ် အတွင်း အိန္ဒိယနိုင်ငံ၏ GDP တိုးတက်မှုနှုန်း ၆.၇ % သို့ ကျဆင်းသွားချိန်တွင် Repo Rate အား တစ်ကြိမ် လျှော့ချ ခဲ့ဖူးသည်။ 

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလျင်မြန်ဆုံး အိန္ဒိယနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတိုးတက်မှုနှင့် မြို့ပြနေလူဦးရေ၏ ကုန်စည် ဝယ်ယူသုံးစွဲမှုရာခိုင်နှုန်းမှာ ကျဆင်းလျက်ရှိပြီး ကုမ္ပဏီ လုပ်ငန်းများ၏ အမြတ်အစွန်းများမှာလည်း ယခုနှစ် ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်တွင် ကျဆင်းခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပေးခြင်း၊ ကျေးလက်နေပြည်သူများ၏ ဝယ်လိုအား တိုးလာစေရန်နှင့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ အထွက်နှုန်း ကောင်းအောင် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဟု RBI ဥက္ကဋ္ဌ Mr Malhotra က ပြောကြားခဲ့ပါသည်။

ယခုလို အတိုးနှုန်းလျှော့ချလိုက်ခြင်းသည် ချေးငွေနှင့် အကြွေးဝယ်ကတ်အတိုးနှုန်းများ သိသိသာသာ လျော့ကျသွားသည့်အပြင် ကုမ္ပဏီလုပ်ငန်းများအတွက် စရိတ် များလည်း သက်သာသွားစေသည်။

ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းမလျှော့ချမီက ပြည်တွင်း ဘဏ်လုပ်ငန်းစနစ်သို့ ကန်ဒေါ်လာ ၁၈ ဘီလီယံ (ပေါင် ၁၄.၄၈ ဘီလီယံ) ထည့်ဝင်ခြင်းအပါအဝင် နိုင်ငံ့စီးပွားရေးအတွက် ငွေသားပြတ်လပ်မှုကို သက်သာစေမည့် နည်းလမ်းများနှင့် ဆောင်ရွက်ချက်များကို ထုတ်ပြန်ကြေညာခဲ့သည်။ 

ထို့ပြင် ဒီဇင်ဘာလတွင် အရန်ငွေသားထားရှိမှုအချိုး သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဘဏ်များအနေဖြင့် RBI တွင် ဆက်လက်ထားရှိရန်လိုအပ်သည့် အရန်ငွေကြေး ပမာဏကို လျှော့ချခဲ့ပြီး ဒီဇင်ဘာလတွင် ရာခိုင်နူန်း တစ်ဝက်ခန့်အထိ လျှော့ချခဲ့သည်။

အိန္ဒိယနိုင်ငံလူလတ်တန်းစားများ ရင်ဆိုင်ကြုံတွေ့နေ ရသော အခက်အခဲများ ပြေလည်စေရန်အတွက် ပြည်ထောင်စုဘတ်ဂျက်၏ အခွန်ရငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံ လျှော့ချလိုက်ပြီးနောက် RBI ၏ အရန်ငွေကြေး ထားရှိမှုနှုန်းထား လျှော့ချလိုက်ခြင်းဖြစ်သည်။

ထို့ပြင် မိုဒီအစိုးရသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်အတွက် အစိုးရအသုံးစရိတ်များကို ထိန်းချုပ် ကန့်သတ်ရန် ရည်မှန်းထားပါသည်။ အိန္ဒိယ ဗဟိုဘဏ်ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် အတိုးနှုန်းများကို ၀.၅ % မှ ၁% အထိ နောက်ထပ်လျှော့ချသွားရန် မျှော်လင့်ထားကြောင်း စီးပွားရေးပညာရှင်များ၏ ခန့်မှန်းပြောဆိုချက်များအရ သိရှိရပါသည်။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများ မတည်မငြိမ်ဖြစ်ခဲ့ရပြီး၊ ထိုမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထုတ်ယူခြင်းနှင့်  ငွေကြေးတန်ဖိုး ကျဆင်းခြင်းများ ဖြစ်ပေါ်ကာ စီးပွားရေးလုပ်ငန်းများ ပိုမိုထိခိုက်လာခြင်းနှင့် RBI ၏ လုပ်ငန်းများ ပိုမိုရှုပ်ထွေး ခက်ခဲလာခြင်း ဖြစ်ပါသည်။ မကြာသေးမီလများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအားအိန္ဒိယ စတော့ရှယ်ယာဈေးကွက်များမှ ပြန်လည်ထုတ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကြောင့် အိန္ဒိယရူပီးသည်  စံချိန်တင် ကျဆင်းလျက်ရှိသည်။

ကိုးကား -BBC