အီတလီ ဂန္ထဝင်တယော ပညာရှင် စထရာဒီဗာရီ၏ ၃၁၁ နှစ်သက်တမ်းရှိ တယောအား ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့်ရောင်းချ
အီတလီနိုင်ငံမှ ဂန္ထဝင်တယောပညာရှင်နှင့် လက်မှုတူရိယာ ပညာရှင်တစ်ဦးဖြစ်သူ အန်တိုနီယို စထရာဒီဗာရီ၏ သက်တမ်း ၃၁၁ နှစ်ရှိ တယောအား အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ရှိ Sotheby’s လေလံပွဲ၌ ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတယောအား စထရာဒီဗာရီ၏ ထင်ပေါ်ကျော်ကြားမှု အမြင့်ဆုံးကာလဖြစ်သည့် ၁၇၁၄ ခုနှစ်တွင် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်ကကျင်းပသည့် လေလံပွဲ၌ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတယောအား ဟန်ဂေရီမှ ပြိုင်စံရှား တယောပါရဂူ ဂျိုအာချင်နှင့် ထင်ရှားသည့် တရုတ်တယော ပညာရှင် ရှီဟုန်မာတို့အား ဂုဏ်ပြုသောအားဖြင့် ဂျိုအာချင်-မာ- စထရာဒီဗာရီတယောဟု Sotheby’s လေလံကုမ္ပဏီက အမည်ပေးထားသည်။
ဂျိုအာချင်နှင့် ရှီဟုန်မာတို့သည် စထရာဒီဗာရီ၏ အဆိုပါ တယောအား ပိုင်ဆိုင်ခဲ့ကြသည့် ပိုင်ရှင်ဟောင်းများဖြစ်သည်။ နောက်ဆုံးပိုင်ရှင်ဖြစ်သည့် ရှီဟုန်မာ သေဆုံးပြီးနောက် ၎င်း၏ မိသားစုက ၎င်းတယောအား ဘော့စတွန်မြို့ရှိ နယူးအင်္ဂလန် ဂီတသင်တန်းကျောင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
နယူးအင်္ဂလန် ဂီတသင်တန်းကျောင်းအနေဖြင့် ယခုရောင်းချခဲ့သည့် ငွေကြေးများကို ကျောင်းသားများအား ပညာသင်ဆုပေးရန် လိုအပ်သည့် ရန်ပုံငွေအတွက် အသုံးပြုသွားမည်ဟု ကျောင်းဥက္ကဋ္ဌ ဖြစ်သူ အန်ဒရေ ကာလင်က ပြောကြားခဲ့သည်။
Source: Myawady Web Portal