ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံအထိ ရှိလာ
ဖနောင်ပင် ဖေဖော်ဝါရီ ၁၀
ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၅ ဘီလီယံအထိရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလကထက် ၂၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ယနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏ စုစုပေါင်းပို့ကုန်ပမာဏသည် ယခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် အလားတူကာလာထက် ၁၇ ရာခိုင်နှုန်းတိုးလာကာ စုစုပေါင်း သွင်းကုန်သည် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံအထိ မြင့်တက်ကာ ၃၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့သည် ၎င်း၏ နောက်တွင် ရပ်တည်နေကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်း၊ စက်ဘီး၊ ကားတာယာ၊ ဆိုလာပြား၊ ရော်ဘာခြောက်၊ ဆန်စပါး၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ သရက်သီးများတင်ပို့ပြီး အထည်အလိပ်၊ ရေနံ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ မိုဘိုင်းဖုန်း၊ မော်တော်ကားနှင့် ဆိုင်ကယ်၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် အလှကုန်များတင်သွင်းသည်။
ဒေသတွင်း ပြီးပြည့်စုံသည့် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်နှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့အကြား လွတ်လပ်စွာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များသည် နိုင်ငံ၏ ကုန်သွယ်မှုတိုးတက်ရေးအတွက် ခွန်အားဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်က ပြောကြားခဲ့သည်။
Source: ကြေးမုံသတင်းစာ