အာဂျင်တီးနားနိုင်ငံ ပါတာဂိုနီးယားနယ်မြေတွင် လောင်ကျွမ်းနေသည့်တောမီးက အရှေ့မြောက်ဘက်ပိုင်းသို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွား
ဗျူနို့စ်အေရိစ် ဖေဖော်ဝါရီ ၁၂
အာဂျင်တီးနားနိုင်ငံ ပါတာဂိုနီးယားနယ်မြေတွင် ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေပြီး တောမီးကို ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေသော်လည်း လေတိုက်နှုန်းမြင့်မားမှုကြောင့် တောမီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ အာဂျင်တီးနားနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းသို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း Asociación de Sociedades Rurales de Corrientes ကထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။
တောမီးလောင်ကျွမ်းမှုကြောင့် ပါတာဂိုနီးယားနယ်မြေတွင် သစ်တောမြေ ဟက်တာ ၂၅၀၀၀၀ ကျော်ထိ ပျက်စီးခဲ့ကြောင်း၊ အပူချိန်မှာလည်း ၄၀ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နေခြင်းကြောင့် တောမီးလောင်ကျွမ်းမှုသည် ထိန်းချုပ်ရခက်သည့်အခြေအနေသို့ ရောက်ရှိနေပြီး တစ်နေရာမှ တစ်နေရာသို့ ကူးစက်လောင်ကျွမ်းမှုလည်း မြန်ဆန်နေခြင်း ဖြစ်ကြောင်းသိရသည်။
“ပါတာဂိုနီးယားနယ်မြေမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ အရှေ့မြောက်ဘက်ပိုင်းကို ကူးစက်လောင်ကျွမ်းနေပါတယ်။ တောမီးကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမဲ့ အပူချိန်မြင့်မားမှုနဲ့ လေတိုက်နှုန်းအားကောင်းမှုကြောင့် တောမီးဟာ တစ်နေရာကနေတစ်နေရာကို ကူးစက်တာမြန်ဆန်နေပါတယ်။ တောမီးကြောင့် ပြည်သူတွေဘေးကင်းဖို့အတွက် ဦးစားပေးဆောင်ရွက်နေပါတယ်” ဟု Asociación de Soci edades Rurales de Corrientes မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
တောမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သော Greenpeace Argentina က သစ်တောပြုန်းတီးမှုကြောင့် ရာသီဥတုလွန်ကဲလာ၍ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ်ဖြင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
Source: ရတနာပုံသတင်းစာ