ဂါဇာကမ်းမြောင်ဒေသ အရေးကြီးစင်္ကြံတစ်ခုမှ အစ္စရေးတပ်များ ဆုတ်ခွာ
ဂါဇာကမ်းမြောင်ဒေသ Netzarim စင်္ကြံမှ အစ္စရေးတပ်များ ဆုတ်ခွာသွားပြီဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့(ဟားမက်စ်) အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
Netzarim စင်္ကြံရှိ စစ်ကင်းစခန်းများကို အစ္စရေးတပ်က ဖျက်သိမ်းသွားပြီဖြစ်ပြီး ဂါဇာကမ်းမြောင် တောင်-မြောက်ဆက်သွယ်ရာလမ်းဖြစ်သည့် Salah al-Din လမ်းရှိ တင့်ကားများ ဆုတ်ခွာကာ ကားလမ်းကြောင်း နှစ်ဖက်တွင် မော်တော်ယာဉ်များကို လွတ်လပ်စွာသွားလာခွင့်ပြုထားကြောင်း ဟားမက်စ် အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမက်စ် သဘောတူညီချက်ရရှိထားသည့် ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသဘောတူညီချက်အရ အစ္စရေးစစ်တပ်က ယင်းနေ့တွင်Netzarim စင်္ကြံမှ ဆုတ်ခွာရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့်အစ္စရေးတပ် အရာရှိတစ်ဦးက အေပီသတင်းဌာန သတင်းထောက်ကို ဖေဖော်ဝါရီ ၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
Netzarim စင်္ကြံသည် လူဦးရေသိပ်သည်းသည့် ဂါဇာကမ်းမြောင် တောင်ဘက်တွင် တည်ရှိရာ ၆ ကီလိုမီတာ အရှည်ရှိသည့် ယင်းစင်္ကြံသည် မြေထဲ ပင်လယ်ကမ်းခြေမှ အစ္စရေးနယ်စပ်အထိရှိပြီး ဂါဇာကမ်းမြောင်ဒေသကို တောင်နှင့်မြောက် နှစ်ပိုင်းခွဲခြားထားသည်။ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားသည့် ကနဦးကာလတွင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း၌ နေထိုင်သူအားလုံး တောင်ပိုင်းသို့ ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ပြီးနောက် Netzarim စင်္ကြံကို သိမ်းပိုက် ခဲ့သည်။
အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးစစ်တပ်သည် ဇန်နဝါရီ ၂၇ ရက် နံနက် ၇ နာရီမှစ၍ ဂါဇာကမ်းမြောင်ဒေသ ပြည်သူလူထုအား Netzarim စင်္ကြံကို ဖြတ်သန်းကာ ၎င်းတို့၏နေရပ်ဖြစ်သော ဂါဇာ မြောက်ပိုင်းသို့ ပြန်သွားရန် ခွင့်ပြုခဲ့သည်။
နေရပ်ပြန်သွားသည့် လူအများအပြားက မိမိတို့၏နေထိုင်ရာ ရပ်ကွက်သည် စစ်မြေတလင်း ဖြစ်နေသည်ကိုတွေ့ရသဖြင့် လူအချို့သည် တောင်ပိုင်း ဒေသသို့ ပြန်လည်ခရီးနှင်ကြသကဲ့သို့ အချို့က ဖျက်ဆီးခံရသော မိမိတို့၏ နေအိမ်ဘေးတွင်း ရွက်ဖျင်တဲထိုး၍နေထိုင်ကြကြောင်း မီဒီယာများ၏ သတင်းများအရသိရသည်။
ဂါဇာကမ်းမြောင် အပစ်ရပ်ရေးသည် ဇန်နဝါရီ ၁၅ ရက်တွင် သဘော တူညီချက်ရရှိပြီး ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။ အပစ်ရပ်ရေး ပထမအဆင့်ကို ရက်သတ္တပတ် ၆ ပတ် ဆက်တိုက် ဆောင်ရွက်ရာ ဟားမက်စ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၃ ဦး ကိုပြန်လွှတ်ရန် သဘောတူညီခဲ့ပြီး အစ္စရေးက ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်း ၁,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမည်ဖြစ်သည်။
လက်ရှိတွင် ပထမအဆင့်ကာလသည် တစ်ဝက်ကျော်ရှိပြီ ဖြစ်သည်။ ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးမှုများကို ယခုရက်ပိုင်းများတွင် စတင်ပြီ ဖြစ်ရာ ဘက်ပေါင်းစုံအနေဖြင့် အခြားသော ထိန်းသိမ်းခံထားရသူများအား ပြန်လွှတ်ပေးရေးနှင့် အစ္စရေးတပ်ရုပ်သိမ်းရေးကိစ္စရပ်များကို ဆွေးနွေး မည်ဖြစ်သည်။ အေပီသတင်းဌာန၏ သတင်းများအရ အစ္စရေးအနေဖြင့် ကြားဝင်စေ့စပ်ညှိနှိုင်းပေးသော ကာတာနိုင်ငံသို့ စေလွှတ်သည့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အပြောင်းအလဲဖြစ်မည့် ရလဒ်ရရှိရန် ခဲယဉ်းနိုင်သည်ဟု ပြင်ပလောကက ခန့်မှန်းကြကြောင်း သိရသည်။
ထို့အပြင် ယခုကာလများတွင် အမေရိကန်ဘက်မှ ဂါဇာကမ်းမြောင်ကို ရှင်းလင်းရန်နှင့် လက်လွှဲယူရန် မျှော်လင့်ကြောင်းအဆိုပြုခဲ့ရာ ထိုအဆိုပြုချက်အပေါ် ပါလက်စတိုင်းနှင့် အခြားနိုင်ငံအများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
ကိုးကား-Myanmar National Post