နေတိုးအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ခြိမ်းခြောက်မှုခံရမည် မဟုတ်ဟု ရုရှားပြော
မော်စကို၊ စစ်ရေး
ယူကရိန်းပဋိပက္ခပြီးဆုံးသွားပါက နေတိုးအဖွဲ့ဝင်နိုင်ငံများမှာ ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုကို ခံရမည်မဟုတ်ဟု ရုရှားအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပြောကြားသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံ၏ ခြိမ်းခြောက်မှုကို ခံရမည်ဟူသော ဒိန်းမတ်နိုင်ငံ၏ ပြောဆိုချက်သည် ယင်းနိုင်ငံပြည်သူများ၏ အခွန်ငွေကြေးများကို အသုံးပြု၍ စစ်အသုံးစရိတ် တိုးမြှင့်ရေးအတွက် အကြောင်းပြချက်ပြခြင်းသာဖြစ်ပြီး ရုရှားအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအပေါ် မည်သည့်အခါမျှ ခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း ဒီမီထရီပက်စကော့က သတင်းစာရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခြင်းဖြစ်သည်။
ယူကရိန်း လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ပြီးနောက် ၅ နှစ်အတွင်းမှာပင် ရုရှားနိုင်ငံက ဥရောပတွင် အကြီးစားစစ်ပွဲ တစ်ရပ်ဆင်နွှဲရန် အသင့်ဖြစ်နေဖွယ်ရှိကြောင်း ဒိန်းမတ်စစ်ဘက် ထောက်လှမ်းရေး အဖွဲ့က အစောပိုင်းတွင် ပြောကြားပြီးနောက် ရုရှားအစိုးရ၏ တုံ့ပြန်မှုထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့ပြင် ရုရှားနိုင်ငံသည် ယူကရိန်း စစ်ပွဲဆင်နွှဲနေစဉ် တစ်ချိန်တည်းမှာပင် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံ သို့မဟုတ် နိုင်ငံများနှင့် စစ်ပွဲဆင်နွှဲနိုင်မည် မဟုတ်ဟု ဒိန်းမတ်စစ်ဘက် ထောက်လှမ်းရေးအဖွဲ့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Source:Myawady Web Portal