ဗန်းမော်မြို့တိုက်ပွဲ ရက် (၇၀) ကျော်အတွင်း KIA PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲ ရက်ပေါင်း (၇၀) ကျော်အတွင်း KIA နှင့် PDFအဖွဲ့ဘက်တွင် အကျအဆုံးများနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစတင်ကာ KIA လက်နက်ကိုင်အဖွဲ့က ဗန်းမော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် ရက်ပေါင်း (၇၀) ကျော်ကြာမြင့်လာပြီဖြစ်ကြောင်းသိရသည်။
ဗန်းမော်မြို့သည် ကချင်ပြည်နယ်အတွင်းမှ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကောင်းမွန်သည့် မြို့ဖြစ်သည့်အပြင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၂၁) အပါအဝင် ခလရ (၂၃၆)၊ ခလရ (၄၇)၊ အမြောက်တပ်များဖြစ်သည့် အမတ(၃၃၆) ၊ (၃၀၄) နှင့် အမှတ် (၇၀ဝ၆) သံချပ်ကာတပ်၊ (၅၀၁၄)တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း(၅)ရင်း ခန့် အခြေစိုက်သည့် မြို့ဖြစ်သည်။
NP Newsက ဗန်းမော်မြို့တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ စစ်ရေး သတင်းရင်းမြစ်များထံ မေးမြန်းအတည်ပြုမှုများ ပြုလုပ်ခဲ့ရာ ဗန်းမော် မြို့ကို တိုက်ခိုက်ရန်လာသော KIA PDFပူးပေါင်းအဖွဲ့များဘက်မှာ သေဆုံးသူအရေအတွက်မှာ ထောင်ဂဏန်းနီးပါး ကပ်နေပြီဖြစ်ကြောင်း နှင့် အရေအတွက် ထပ်မံတိုးပွားလာဖွယ် ရှိနေသေးကြောင်း သိရသည်။
ဗန်းမော်မြို့တိုက်ပွဲအတွင်း အကျအဆုံးများနေသည့် KIAသည် အညာ ဒေသမှ PDF များနှင့် နယ်မြေခံ PDF များကို ရှေ့တန်းတင် အသေခံ တိုက်ခိုက်စေသည့် ဖြစ်စဉ်များလည်း ရှိနေပြီး ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများမှ လူများအားဖမ်းဆီးကာ တိုက်ခိုက်စေခြင်းများလည်း ရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အခုဆို ရွှေမှော်တွေမှာ ပေါ်တာဆွဲတာတွေလုပ်နေတယ်။ KIAကသူတို့သိမ်းထားတဲ့ သတ္ထုတွင်းတွေဘက်မှာ လူသစ်စုဆောင်းတယ်။ တစ်နည်းအားဖြင့် ပေါ်တာဆွဲတာပေါ့။ အရင်ကတော့ ကချင်တွေပဲ ဆွဲတာ။အခုဆိုရင် ဘာလာလာဆွဲတယ်။ အစ္စလမ်ကော ဂေါ်ရခါးရော အကုန်လုံးဆွဲတယ်” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်ရှိတွင် KIAကဖော်ဆောင်ခဲ့သည့် ဗန်းမော်မြို့တိုက်ပွဲကြောင့် မြို့၏ (၃)ပုံ(၂)ပုံခန့်သည်လည်း ပျက်စီးနေလျက်ရှိကာ ဒေသခံများစွာသည်လည်း ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေရလျက်ရှိနေကြောင်း သိရသည်။
ကိုးကား-NP News