အမေရိကန်သမ္မတနှင့်ဂျော်ဒန်ဘုရင်တို့ အိမ်ဖြူတော်၌ တွေ့ဆုံ

News Image

  • အမေရိကန်သမ္မတနှင့်ဂျော်ဒန်ဘုရင်တို့ အိမ်ဖြူတော်၌ တွေ့ဆုံ

အမေရိကန်သမ္မတ Donald Trump သည် ဂျော်ဒန်ဘုရင် Abdullah နှင့် အိမ်ဖြူတော်၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။ ဂါဇာကမ်းမြောင်ကို အမေရိကန်ပြည်ထောင်စုက လွှဲပြောင်းထိန်းသိမ်းပြီး ဒေသခံ ပါလက်စတိုင်းတို့ကို အခြားနေရာများသို့ ပြန်လည်နေရာချထားသင့်သည်ဟု Trump က ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သတင်းထောက်များနှင့်တွေ့ဆုံရာတွင် Trump က ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်၏ ရေရှည်ပိုင်ဆိုင်မှုနှင့် ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သော ၎င်း၏ မှတ်ချက်ကို ထပ်ကာတလဲလဲ ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များအတွက် အလုပ်အကိုင်အခွင့်အလမ်း များစွာ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုပါသည်။

ဂျော်ဒန်နိုင်ငံ တာဝန်ရှိသူများက Trump ၏ ပါလက်စတိုင်းများအား ပြန်လည်နေရာချထားပေးမည့် အစီအစဉ်မှန်သမျှကို ပယ်ချထားပြီး ဘုရင်က အဆိုပါရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။

သို့သော်လည်း လိုအပ်နေသူများကို ကူညီနိုင်ရန်အတွက် အခြားကမ်းလှမ်းမှုကို ဂျော်ဒန်ဘုရင်က အဆိုပြုခဲ့ပြီး ကင်ဆာရောဂါ သို့မဟုတ် အကြီးအကျယ်နာမကျန်း ခံစားနေရသည့် ကလေး ၂,၀၀၀ ကို ဂျော်ဒန် သို့ အမြန်ဆုံးခေါ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။

ပြန်လည်အခြေချနေထိုင်မည့် ပါလက်စတိုင်းများကို လက်ခံရန် Trump က တိုက်တွန်းထားသည့် အီဂျစ်နိုင်ငံမှ တုန့်ပြန်လာမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး စောင့်ဆိုင်းသုံးသပ်သွားမည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World