ဩစတြေးလျနိုင်ငံ အာသာမြစ်ကမ်းခြေတွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေ
ကင်ဘာရာ ဖေဖော်ဝါရီ ၁၉
ဩစတြေးလျနိုင်ငံ တက်စမေးနီးယားနယ်မြေအတွင်းရှိ အာသာကမ်းခြေ၌ ယနေ့တွင် လင်းပိုင် ၁၅၇ ကောင် သောင်တင်နေသည်ဟု တက်စမေးနီးယားနယ်မြေ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ လင်းပိုင်များသည် အမည်မသိဝေဒနာ ခံစားနေရပြီး မည်သည့်ကိစ္စကြောင့် သောင်တင်နေသည်ကို စိစစ်နေဆဲဖြစ်ကြောင်း၊ သောင်တင်နေသည့် လင်းပိုင်အများစုမှာ အလျားပေ ၂၀ ခန့်ထိ ရှည်လျားပြီး ပေါင် ၃၀၀၀ ခန့်ထိ အလေးချိန်ကြီးမားကြောင်း၊ သောင်တင်နေသည့် လင်းပိုင် ၁၅၇ ကောင်အနက် အကောင်ရေ ၉၀ ထိ အသက်ရှင်လျက်ရှိပြီး ကျန်လင်းပိုင်များမှာ သေဆုံးနေကြောင်း တက်စမေးနီးယား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။
“အာသာမြစ် ကမ်းခြေမှာ လင်းပိုင် ၁၅၇ ကောင် သောင်တင်နေတယ်။ အမည်မသိဝေဒနာကြောင့် အခုလို သောင်တင်နေတာပါ။ အခုထိတော့ အဖြေရှာနေဆဲဖြစ်ပါတယ်။ သောင်တင်နေတဲ့ လင်းပိုင်တွေထဲက အကောင်ရေ ၉၀ ကတော့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ပါတယ်။ ဆေးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ ဘာကြောင့်မှန်းမသိတဲ့အတွက် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဆေးကုသမှု ပြုလုပ်ပေးဖို့တော့ ခက်ခဲပါတယ်။ ဝေဒနာသက်သာအောင်လောက်ပဲ ဆေးကုသပေးနိုင်မှာဖြစ်ပါတယ်” ဟု တက်စမေးနီးယား အာဏာပိုင်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဘရန်ဒန်က ပြောကြားခဲ့ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ