နေတိုးအဖွဲ့ဝင်နိုင်ငံများ ယူကရိန်းတွင် တပ်ဖြန့်ခြင်းမပြုရန် ရုရှား သတိပေး
ငြိမ်းချမ်းရေးအကြောင်းပြကာ ယူကရိန်း ပိုင်နက်အတွင်း NATO အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖြန့်ထားရေးသဘောတူညီမှုအား လက်မခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်သည်။
ဆော်ဒီအာရေးဗီးယားတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ယူကရိန်း ရုရှားစစ်ပွဲ အဆုံးသတ်ရေးဆွေးနွေးပွဲအပြီးတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။
ယူကရိန်းတွင် အခြားနိုင်ငံများ၏ အလံအောက်မှ စစ်တပ်တချို့ ရောက်ရှိ နေရုံဖြင့် အခြေအနေ ကွာခြားသွားမည်မဟုတ်ဘဲ လုံးဝ လက်ခံမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းမြေပေါ်တွင် ဗြိတိန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များ တပ်ဖြန့်ချထားရန် အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ရုရှား နိုင်ငံခြား ရေးဝန်ကြီးက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ အထူးစစ်ဆင်ရေးမဖော်ဆောင်မီ ယူကရိန်း သမ္မတ ဇီလန်စကီး၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုအား အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။
ကိုးကား- ဒေသတွင်းမီဒီယာ
Photo: Euractiv