ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ရေနံ အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် အနောက်နိုင်ငံများမှ တာဝန်ယူသင့်ဟု ပူတင်ဆို

News Image

  • ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ရေနံ အခြေခံအဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် အနောက်နိုင်ငံများမှ တာဝန်ယူသင့်ဟု ပူတင်ဆို

ရုရှားတောင်ပိုင်းရှိ ရေနံပန့်စက်ရုံတစ်ခုသည် ယူကရိန်းဒရုန်း တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရာ ထိုစက်ရုံ၏ ပူးတွဲပိုင်ရှင်များ ဖြစ်သော အနောက်နိုင်ငံများက ပြုပြင်ရန်စရိတ်ကို ကျခံသင့်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပြုခဲ့သည်။ ထိုစက်ရုံလည်ပတ်မှုကို Caspian Pipeline Consortium (CPC) မှ လုပ်ကိုင်ဆောင်ရွက်ပြီး ၎င်းကို အမေရိကန်နှင့် ဥရောပသမဂ္ဂကုမ္ပဏီများက တစ်စိတ်တစ်ပိုင်း ထိန်းချုပ် ထားသည်။

ရုရှားဒုဝန်ကြီးချုပ် နှင့် ယခင်စွမ်းအင်ဝန်ကြီး အလက်ဇန္ဒားနိုဗာက ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အစိုးရအဖွဲ့အစည်းအဝေး၌ ယူကရိန်း ဒရုန်းအနည်းဆုံး ၇ စီးဖြင့် စက်ရုံကိုတိုက်ခိုက်ခဲ့ကြောင်းနှင့် ထိုတိုက်ခိုက်မှုကြောင့် အရေးကြီးအစိတ်အပိုင်းများ ပျက်စီးခဲ့ရကာ စက်ရုံဝန်ထမ်းများက အရံပန့်စနစ်ကို အသုံးပြုခဲ့ရပြီး စွမ်းဆောင်ရည်ကို ၃၀-၄၀% အထိ လျှော့ချခဲ့ရကြောင်း ပူတင်အား ပြောကြားခဲ့သည်။

နိုဗာ၏ ပြောကြားချက်အရ စက်ရုံ၏စွမ်းဆောင်ရည်အပြည့်အဝ ပြန်လည်ရရှိရန် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်မည်ဖြစ်ပြီး ၎င်းလည်ပတ်မှု တွင် ဂျာမနီ၏ Siemens အပါအဝင် အနောက်နိုင်ငံများမှ စက်ပစ္စည်းများ ပါဝင်သည်ဟု ဆိုသည်။ Siemens က ရုရှားဓာတ်ငွေ့ပိုက်လိုင်းများအတွက် စက်ပစ္စည်းများထောက်ပံ့ရန် ယခင်က ငြင်းဆန်ခဲ့ဖူးသည်။ နိုဗာ၏ အဆိုအရ စက်ရုံကို စွမ်းအားပြည့် လည်ပတ်နိုင်ရေးပြုပြင်ရန် အချိန် ကြာမြင့်မည်ဟု သိရှိရသည်။

Western CPC အစုရှယ်ယာရှင်များသည် ပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစုအဖွဲ့ဝင်များ စာရင်းတွင် အမေရိကန်ကုမ္ပဏီကြီး Chevron နှင့် ExxonMobil တို့ ပါဝင်ကြောင်း နိုဗာက ပြောကြားခဲ့သည်။ 

ရုရှားသမ္မတပူတင်က အနောက်နိုင်ငံများမှကုမ္ပဏီများသည် စက်ရုံ ပြုပြင်ရေးကို အထောက်အကူပြုပြီး လိုအပ်သော ပစ္စည်းကိရိယာများအားလုံးကို ထောက်ပံ့ပေးသင့်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ကိုးကား-RT