နှစ်နိုင်ငံကြားကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်နိုင်ရန် အိန္ဒိယနှင့် ကာတာတို့ ရည်မှန်းထား
အိန္ဒိယနှင့်ကာတာနိုင်ငံတို့သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊နည်းပညာ၊စွမ်းအင်နှင့် ပြည်သူအချင်းချင်းဆက်ဆံရေးကို အဓိကအာရုံစိုက်သည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့သည်ဟု သိရှိရပါသည်။
ထို့အပြင် နှစ်နိုင်ငံစလုံးသည် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှု နှစ်ဆတိုးမြှင့်ရန် ရည်မှန်းထားကြောင်းလည်း သိရပါသည်။ ကာတာနိုင်ငံ မင်းသား Sheikh Tamim bin Hamad Al Thani သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။
ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်း၌ နယူးဒေလီမြို့သို့ Sheikh Tamim bin Hamad Al Thani ရောက်ရှိလာသည့် အချိန်တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင် ကြိုဆိုခဲ့သည်ဟုလည်း သိရပါသည်။ မိုဒီနှင့် Sheikh Tamim bin Hamad Al Thani တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသနည်းပညာများ အပါအဝင် အဓိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆွေးနွေးခဲ့ ကြကြောင်းလည်း သိရပါသည်။ လက်ရှိအချိန်၌ ကာတာနှင့် အိန္ဒိယ နိုင်ငံကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင်ရှိပြီး လာမည့် ၅ နှစ်အတွင်း နှစ်နိုင်ငံကြားကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ ဝန်းကျင်ထိ ရှိလာနိုင်သည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ အိန္ဒိယနှင့် ကာတာနိုင်ငံ တို့သည် အခွန်နှစ်ဆကောက်ခံခြင်းကို ရှောင်ရှားရန်နှင့် အခွန်နှင့် ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာရှောင်လွှဲမှုများကို တားဆီးရန်အတွက် ပြန်လည်ပြင်ဆင်သည့် သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်း သိရှိရပါသည်။
ကိုးကား-NP News