ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ကို မေ ၈ ရက်ဟု ထရမ့်ကြေညာ

News Image

  • ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ကို မေ ၈ ရက်ဟု ထရမ့်ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၈ ရက်ကို ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာချက်ကို မေလ ၇ ရက်တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပါသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သော ယင်းကြေညာချက်၌  မဟာမိတ်တို့၏ အမျိုးသားရေးဆိုရှယ်လစ်ဝါဒနှင့် ဖက်ဆစ်ဝါဒအပေါ် အောင်ပွဲကို မိမိ အသိအမှတ်ပြုလိုက်ပါကြောင်း၊ အမေရိကန်သည် အဆိုပါစစ်ပွဲအတွင်း လူ ၂၅၀,၀၀၀ ခန့် ဆုံးရှုံးခဲ့ရပါကြောင်း ၊ အမေရိကန်စစ်သားများ၏ စွန့်လွှတ် အနစ်နာခံမှုမရှိပါက ထိုစစ်ပွဲကို အောင်မြင်နိုင်ခဲ့မည် မဟုတ်ပါကြောင်း၊ ယနေ့ကမ္ဘာမှာလည်း လုံးဝကွဲပြားနေမည်ဖြစ်ကြောင်း၊ မိမိတိုင်းပြည်၊ လွတ်လပ်ရေးနှင့် အနောက်တိုင်းယဉ်ကျေးမှု  ရပ်တည်ရေးအတွက် အသက် ပေးလှူခဲ့သူအားလုံးကို မိမိဂုဏ်ပြုမိပါကြောင်း  ဖြည့်စွက်ဖော်ပြထားပါသည်။

ဒေါ်နယ်ထရမ့်သည်   ပြီးခဲ့သည့် မေ ၂ ရက်က ၎င်း၏ Truth Social တွင် ပထမကမ္ဘာစစ်အောင်ပွဲနေ့ကို နိုဝင်ဘာ ၁၁ ရက်ကိုလည်းကောင်း၊ ဒုတိယကမ္ဘာစစ်၏ အောင်ပွဲနေ့ကို မေ ၈ ရက်ကိုလည်းကောင်း သတ်မှတ်မည် ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ဖူးပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ် အောင်ပွဲအတွက် အမေရိကန်သည် အခြားနိုင်ငံများထက် ပိုမိုပါဝင်ခဲ့ ရကြောင်း ၎င်းက ထပ်လောင်းဖော်ပြထားပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က “အမေရိကန်သည် ၎င်း၏ပါဝင်မှုကို အလွန်အမင်း ကြီးကျယ်အောင် ပြောနေသည်ဟု တုန့်ပြန်ပြောကြားလိုက်ပြီး လက်ရှိတွင် အမေရိကန် ပြည်သူများနှင့် အစိုးရတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သမိုင်းကြောင်းအမှန်ကို မသိရှိကြပါ” ဟု ဖြည့်စွက်ပြောကြားထားပါသည်။

ကိုးကား- TASS 

Photo: Hindustan Times

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃