အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီ (NTPC) က 30 GW နျူကလီးယားစီမံကိန်းဆောင်ရွက်မည်
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော National Thermal Power Corporation (NTPC) သည် နောက်နှစ် ၂၀ အတွင်း နျူကလီးယားဓာတ်အား ၃၀ ဂဂ္ဂါဝပ် (GW) တည်ဆောက်ရန် ရည်မှန်းချက်ချမှတ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ဒေါ်လာ ၆၂ ဘီလီယံဖြစ်ပြီး၊ ကုမ္ပဏီ၏ မူလရည်မှန်းချက်ဖြစ်သော ၁၀ ဂဂ္ဂါဝပ်ထက် သုံးဆမြင့်မားကြောင်း NTPC အရာရှိများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် နျူကလီးယားစီမံကိန်းများကို ဒေသခံများက ကန့်ကွက်မှု များရှိနေသော်လည်း၊ အဆိုပါ အမျိုးသားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီသည် ယခုအခါ စီမံကိန်းအား အကောင်အထည်ဖော်ရန် သင့်လျော်သော နေရာများကို ရှာဖွေနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ လုပ်ငန်းစဉ်များသည် နယူးဒေလီ၏ စွမ်းအင်ရည်မှန်းချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင် ရုပ်ကြွင်းလောင်စာ မဟုတ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၅၀၀ ဂဂ္ဂါဝပ်နှင့် ၂၀၄၇ ခုနှစ်တွင် နျူကလီးယားဓာတ်အား အနည်းဆုံး ၁၀၀ ဂဂ္ဂါဝပ် ရရှိရန် ပါဝင်သည်။ NTPC သည် နျူကလီးယားဓာတ်အားဖြင့် ၂.၆ ဂဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှစ်ခုကို ဗဟိုဒေသဖြစ်သော မဒ္ဒရာပြည်နယ်နှင့် မြောက်ပိုင်းဒေသဖြစ်သော ရာဇဌာန်ပြည်နယ်တို့တွင် တည်ဆောက်လျက်ရှိသည်။
အစိုးရက နျူကလီးယားကဏ္ဍကို နိုင်ငံခြားနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများအတွက် ဖွင့်လှစ်ရန် အစီအစဉ်များကို ကြေညာပြီးနောက် ရည်မှန်းချက်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဧပြီလမှ စတင်သော ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ်ဘဏ္ဍာရေးစာရင်းတွင် အိန္ဒိယဘဏ္ဍာရေး ဝန်ကြီး နိရ်မလ သီတာရာမန်က နျူကလီးယားစွမ်းအင်မစ်ရှင်ကို ဒေါ်လာ ၂.၃၅ ဘီလီယံ (အိန္ဒိယရူပီး ၂၀ ဘီလီယံခန့်) ထည့်ဝင်ရန် ကြေညာခဲ့သည်။ ၎င်းက အဆိုပါမစ်ရှင်သည် အိန္ဒိယ၏ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ရန် ရည်မှန်းချက်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး၊ အထူးသဖြင့် ၂၀၄၇ ခုနှစ်တွင် နျူကလီးယားဓာတ်အား ၁၀၀ ဂဂ္ဂါဝပ် ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ကိုးကား-RT