ခရစ်တိုငွေကြေးလိမ်လည်မှုစွပ်စွဲချက်များအပေါ် အာဂျင်တီးနားသမ္မတ ငြင်းဆို
အသစ်ဖန်တီးလိုက်သည့် ခရစ်တိုငွေကြေးအသစ် $ Libra ကို ၎င်း၏ X လူမှုကွန်ယက်စာမျက်နှာတွင် ကြော်ငြာပေးခဲ့သည်ဟူသော စွပ်စွဲချက်ကို အာဂျင်တီးနားသမ္မတ Javier Milei က ငြင်းဆိုခဲ့သည်။
Milei က ဖေဖော်ဝါရီ ၁၄ ရက်တွင် $ Libra ခရစ်တိုငွေကြေးအကြောင်း ပို့စ်တင်ပြီး မကြာမီဈေးကွက်တန်ဖိုး သိသိသာသာတက်လာသော်လည်း နာရီပိုင်းအတွင်း ရုတ်တရက် ကျဆင်းသွားခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူ အများစုအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါအခြေအနေကို Rug Pull ($ Libra ငွေကြေးပရောဂျက် တည်ထောင်သူများသည် ရင်းနှီးမြှုပ်နှံသူများထံမှ ရန်ပုံငွေများရရှိပြီးနောက် ပရောဂျက်ကို ရုတ်တရက် ပိတ်လိုက်ခြင်း သို့မဟုတ် ရောင်းချလိုက်ခြင်း) ဖြစ်ကြောင်း အာဂျင်တီးနား Fintech အဖွဲ့ချုပ်က ကောက်ချက်ချခဲ့ပြီး Milei အနေဖြင့် အဆိုပါပရောဂျက်ကြောင့် သမ္မတရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
Milei က ၎င်းအနေဖြင့် အဆိုပါကိစ္စကို “သဘောရိုးဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ဖေဖော်ဝါရီ ၁၇ ရက်(တနင်္လာနေ့)တွင် ပြောကြားကာ ရင်းနှီးမြှုပ်နှံသူများ၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ခရစ်တို ငွေကြေးအသစ် $Libra ရောင်းချသည့် ဝက်ဘ်ဆိုက်လင့်ခ်ပါသော ပို့စ်တင်ခဲ့သည်မှာ အဆိုပါငွေကြေးကို ကြော်ငြာပေးခြင်းမဟုတ်ဘဲ မျှဝေခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Milei သည် ၎င်း၏ X လူမှုကွန်ယက်စာမျက်နှာရှိ ပို့စ်ကို နာရီပိုင်းအတွင်း ဖျက်လိုက်ပြီးနောက် အာဂျင်တီးနားရှိ ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များ သာမက ခရစ်တိုငွေကြေးတွင် ရင်းနှီးမြှုပ်နှံထားသူများထံမှလည်း ပြင်းထန်သော ဝေဖန်မှုများ ရရှိခဲ့သည်။
ခရစ်တိုငွေကြေး လိမ်လည်မှုဖြင့် သမ္မတအပေါ် စွဲဆိုထားသည့်စွဲချက်ကို ဆက်လက် လုပ်ဆောင်သင့်၊ မသင့် ဆုံးဖြတ်ရန် တရားသူကြီးတစ်ဦးကို တာဝန်ပေးထားသည်။
ကိုးကား-BBC