ဓားစာခံများနှင့် ရုပ်အလောင်းများကို ဟားမက်က ထပ်မံလွှဲပြောင်းပေးသွားမည်
ဖေဖော်ဝါရီ ၁၈
အစ္စရေးဓားစာခံ ၆ ဦးအား ဖေဖော်ဝါရီ ၂၂ ရက်(စနေနေ့)တွင် ပြန်လည်လွှဲပြောင်းပေးရေးနှင့် အခြား ၈ ဦး၏ ရုပ်အလောင်းများအား ယခုသီတင်းပတ်နှင့် လာမည့်သီတင်းပတ်အတွင်း လွှဲပြောင်း ပေးရေး အစ္စရေးနှင့် ဟားမက်စ် တို့အကြား သဘောတူညီမှုရရှိခဲ့ပါသည်။
အဆိုပါသဘောတူညီချက်ကို ဖေဖော်ဝါရီ ၁၈ ရက်(အင်္ဂါနေ့)က ကိုင်ရိုမြို့တွင် ချမှတ်နိုင်ခဲ့ကြောင်း အစ္စရေး ဝန်ကြီး ချုပ်ရုံးက အတည်ပြုပြောကြားခဲ့ပါသည်။
ယခင်က အစ္စရေးနိုင်ငံသား ဓားစာခံ ၃ ဦးကို လွှတ်ပေးရန် စီစဉ်ထားသော်လည်း အသက်ရှင် ကျန်ရစ်သည့် ဓားစာခံ ၆ ဦးစလုံးကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဟားမက်ဘက်က ပြောကြားခဲ့သည်။ ဓားစာခံများအနက် သေဆုံး သွားသည့်ဓားစာခံ ၄ ဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၂၀ ရက်(ကြာသပတေးနေ့)တွင်လည်းကောင်း၊ ကျန် ၄ ဦး၏ ရုပ်အလောင်းများကို လာမည့်သတင်းပတ် အတွင်း ဖေဖော်ဝါရီ ၂၇ ရက်(ကြာသပတေးနေ့)တွင်လည်းကောင်း ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်ထားရှိကြောင်း ဝန်ကြီးချုပ် နေတန်ယာဟု၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။
အဆိုပါ ရုပ်အလောင်းများထဲတွင် Bibas မိသားစုဝင်များလည်း ပါဝင်နိုင်ကြောင်း ဂါဇာရှိ ဟားမက်ခေါင်းဆောင် ခါလစ်လ် အယ် ဟေးယား(Khalil al-Hayya)က ရုပ်သံထုတ်လွှင့်ချက် တစ်ခုတွင် ဖေဖော်ဝါရီ ၁၈ ရက်(အင်္ဂါနေ့)က ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ဟားမက် စစ်သွေးကြွများသည် Yarden ၊ Shiri Bibas နှင့် ၎င်းတို့၏ ကလေးနှစ်ဦးဖြစ်သည့် လေးနှစ်သား အရွယ် Ariel နှင့် ကိုးလသားအရွယ် Kfir တို့ကို ဓားစာခံများအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ Yarden သည် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့ပြီး ၎င်း၏ ဇနီးနှင့် သားသမီးများမှာ အသက်ရှင်လျက် ရှိနေမည်ဟု မျှော်လင့်လျက်ရှိသည်။ ဟားမက်တို့က ၎င်း၏ မိသားစုဝင်များမှာ သေဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း အစ္စရေးအနေဖြင့် ယင်းအချက်ကို အတည်ပြုနိုင်ခြင်းမရှိပေ။
ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က အစ္စရေးအား စတင်တိုက်ခိုက်သည့်ဖြစ်စဉ်မှစ၍ အစ္စရေးနှင့် ဟားမက်တို့အကြား ၁၅ လကျော် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ပိုင်း ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဇန်နဝါရီ ၁၉ ရက်မှ စတင်အသက်ဝင်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်အနေဖြင့် အစ္စရေးဓားစာခံ ၃၃ ဦးကို လွှတ်ပေးရန် စီစဉ်ခဲ့ သော်လည်း ဟားမက်တို့က အစ္စရေး ဓားစာခံ ၁၉ ဦးကိုသာ ပြန်လွှတ်ခဲ့ပြီး အပြန်အလှန်အားဖြင့် အစ္စရေး တို့ကလည်း ပါလက်စတိုင်းအကျဉ်းသား ၁၁၀၀ ဦးကို ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ဓားစာခံ ၁၄ ဦး လွှဲပြောင်းရန် ကျန်ရှိနေသေးပြီး ၎င်းတို့အနက် ၈ ဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးဖက်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
၂၀၂၃ ခုနှစ် တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားစဉ်ကတည်းက ဂါဇာတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် ထိုင်းနိုင်ငံသား ၅ ဦးတို့သည်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပြင်ပမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများအနေဖြင့် အပြုသဘောဆောင်သည့် လုပ်ဆောင်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်ရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်တည်မြဲနေစေရေးအတွက် ဓားစာခံများနှင့် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးအစီအစဉ်အသစ်များ ထပ်မံလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း စေ့စပ်ညှိနှိုင်းရေးနှင့် နီးစပ်သည့် ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ခုက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ပထမအဆင့်သည် မတ်လ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး ထာဝရ စစ်ပြေငြိမ်းရေးအပါအဝင် နောက်ထပ်အဆင့်များအတွက်ကိုလည်း ဆက်လက်ဆွေးနွေးလျက်ရှိသည်။
ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အပေါ် ချိုးဖောက်မှုများရှိသည့်အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂါဇာဒေသအားထိန်းချုပ်ပြီး ပါလက်စတိုင်းများအား အဆိုပါဒေသမှ ဖယ်ရှားပစ်မည့် ပြောဆိုချက် အပေါ် တင်းမာမှုများရှိသော်လည်း သဘောတူညီချက်ကို ယခုအချိန်အထိ ထိန်းသိမ်းထားနိုင်ဆဲပင်ဖြစ်သည်။
ပါလက်စတိုင်းများ ၎င်းတို့၏နေရင်းတွင် ဆက်လက်နေထိုင်နိုင်ရေးအတွက် ဂါဇာဒေသပြန်လည် တည်ဆောက်ရေး ဆိုင်ရာအစီအစဉ်ကို ဆွေးနွေးရန်အတွက် ဆော်ဒီအာရေးဗီးယားက အိမ်ရှင်အဖြစ် တာဝန်ယူ၍ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနှင့် ယူအေအီးတို့ပါဝင်သည့် ၅ ပွင့်ဆိုင်အစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း Bangkokpost သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- Bangkokpost.com
ဘာသာပြန်ဆိုသူ
ဦးထက်ထက်အောင်(နစက-၄)