ပူတင်-ထရမ့် ဖုန်းဆက်သွယ်ဆွေးနွေးမှုမှ သတင်းကောက်နှုတ်ချက်များ

News Image

  • ပူတင်-ထရမ့် ဖုန်းဆက်သွယ်ဆွေးနွေးမှုမှ သတင်းကောက်နှုတ်ချက်များ

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် မတ်လ ၁၇ ရက် (အင်္ဂါ) နေ့တွင် ရလဒ်ကောင်းများ ရရှိမည်ဟု မျှော်လင့်ထားသည့် ဖုန်းဆက်သွယ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် အလားအလာကို ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုသည် အချိန် ၂ နာရီနှင့် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အိမ်ဖြူတော်နှင့် ကရင်မလင်တို့က အပြုသဘော ဆောင်သည့်ရလဒ်များရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ ဆွေးနွေးမှုမှ သတင်းကောက်နှုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

စစ်ပြေငြိမ်းရေး အလားအလာ

ပူတင်နှင့် ထရမ့်တို့သည် ထရမ့်၏ ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေးအကြံပြုချက်ကို ဆွေးနွေးခဲ့ပြီး ရုရှားဘက်မှ အကောင်အထည်ဖော်မှုမတိုင်မီ ဖြေရှင်းရမည့် ပြဿနာများစွာကို ရှင်းပြခဲ့သည်ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုအပြီး ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ပူတင်က အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်သမျှ အလားအလာကို စနစ်တကျစောင့်ကြည့်ရန် အစီအစဉ်တစ်ခုရေးဆွဲရန် လိုအပ်သလို ယူကရိန်းတွင် တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် လက်နက်ပြန်လည်ဖြည့်တင်း တပ်ဆင်မှုများကို ရပ်တန့်ရန်လိုအပ်ကြောင်းလည်း ရှင်းပြခဲ့သည်။

“ကိယက်ဗ်အစိုးရ၏ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းအားနည်းခြင်းနှင့်အတူ ရရှိပြီးသောသဘောတူညီချက်များကို အကြိမ်ကြိမ် ချိုးဖောက်ဖျက်ဆီးခဲ့မှုများကြောင့် ပိုမိုဆိုးရွားသည့် အခြေအနေကို ရောက်ရှိစေခဲ့ကြောင်း” ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး၊ ပူတင်က “Kursk ဒေသ၏ ပြည်သူများအပေါ် ယူကရိန်းတပ်ဖွဲ့ဝင်များမှ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ” ကလည်း ထရမ့်၏ စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အခြေခံအဆောက်အဦများကို တိုက်ခိုက်မှုရပ်ဆိုင်းခြင်း

ထရမ့်က မော်စကိုနှင့် ကိယက်ဗ်တို့သည် စွမ်းအင်အခြေခံအဆောက်အဦများကို ၃၀ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်ဆိုင်းရန် အဆိုပြုခဲ့ပြီး ပူတင်က ထိုအကြံပြုချက်ကို ထောက်ခံခဲ့ကာ ရုရှားတပ်ဖွဲ့များအား လိုက်နာဆောင်ရွက်ရန်အမိန့်ကို ချက်ချင်းထုတ်ပြန်ပေးခဲ့သည်။

“ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်၏အစသည် စွမ်းအင်ဆိုင်ရာအခြေခံ အဆောက် အဦများကို တိုက်ခိုက်မှုရပ်စဲခြင်းဖြင့်စတင်မည်ဖြစ်ပြီး ပင်လယ်နက်တွင် စစ်ရေးလှုပ်ရှားမှု သဘော တူညီချက် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု နည်းလမ်းများကိုလည်း ဆွေးနွေးမည်ဖြစ်ကာ အဆိုပါဆွေးနွေးမှုများကို အရှေ့အလယ်ပိုင်း၌ ချက်ချင်းစတင်မည်ဖြစ်သည်” ဟု အိမ်ဖြူတော် က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အကျဉ်းသားများ လဲလှယ်ခြင်း

ရုရှားသမ္မတက အမေရိကန်သမ္မတအား လာမည့် မတ်လ ၁၉ ရက်နေ့တွင် ယူကရိန်းနှင့် အကျဉ်းသား လဲလှယ်ရန် စီစဉ်ထားရှိမှု ပြောကြားခဲ့ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ က ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် အကျဉ်းသား ၁၇၅ ဦးစီ လဲလှယ်မည်ဖြစ်သည်။ ထို့အပြင် မော်စကိုသည် ၎င်း၏ ပဋိပက္ခအဆုံးသတ်ရေးလုပ်ငန်းစဉ်အပေါ် ထားရှိသည့်သဘောထားကို ပြသရန် ဒဏ်ရာပြင်းထန်စွာ ရထားသည့် ယူကရိန်းတပ်ဖွဲ့ဝင် ၂၃ ဦးကို ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

တည်မြဲသော ငြိမ်းချမ်းရေး လိုအပ်ချက်

ပူတင်နှင့် ထရမ့်တို့သည် ယူကရိန်းပဋိပက္ခကို ယာယီဖြေရှင်းချက်ထက် “ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး” ရရှိရန် ကတိကဝတ်ပြုခဲ့ကြသည်။ မော်စကိုက “ပဋိပက္ခ၏ အရင်းခံအကြောင်း အရင်းများကို အဆုံးသတ်ရန်” လိုအပ်သကဲ့သို့ “လုံခြုံရေးနယ်ပယ်တွင် ရုရှား၏ တရားဝင် အကျိုးစီးပွားများ (Russia’s Legitimate Interests)” ရရှိစေရန်နှင့် “ကိယက်ဗ်သို့ နိုင်ငံခြားစစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးသတင်းအချက်အလက်များပံ့ပိုးမှုများ လုံးဝ ရပ်တန့်ရန်” လိုအပ်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

ရုရှားနှင့် အမေရိကန်အကြား ဆက်ဆံရေးကိုလည်း ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံစလုံးက အပြန်အလှန် အကျိုးပြုမည့်စီမံကိန်းများကို လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ “ဝါရှင်တန်နှင့် မော်စကို တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များစွာကိုစဉ်းစားနေကြသည်” ဟု ကရင်မလင် ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“အမေရိကန်နှင့် ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည့် အနာဂတ်တွင် အပြုသဘောဆောင်သည့် အကျိုးအမြတ်များ ရရှိစေမည့် အခွင့်အလမ်းများ (Huge Upside) ရှိကြောင်း ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြသည်။ ယင်းအခွင့်အလမ်းများတွင် ငြိမ်းချမ်းရေးရရှိပြီးနောက် စီးပွားရေးလုပ်ငန်းများစွာနှင့် ပထဝီနိုင်ငံရေးတည်ငြိမ်မှုတို့ ပါဝင်သည်” ဟု အိမ်ဖြူတော် က ပြောကြားခဲ့သည်။

ကိုးကား-RT

Source: https://www.rt.com/russia/614453-putin-trump-talks-takeaways/