တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းမှ နေရာ ၅ ခုအား ပိတ်ဆို့ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ထိုင်းနိုင်ငံအား တရုတ်နိုင်ငံမှ တိုက်တွန်း

News Image

  • တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းမှ နေရာ ၅ ခုအား ပိတ်ဆို့ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ထိုင်းနိုင်ငံအား တရုတ်နိုင်ငံမှ တိုက်တွန်း

ဖေဖော်ဝါရီ ၁၈

၂၀၂၅ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၅ ရက်မှစ၍ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းမှ နေရာ ၅ ခုအား လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားရန် ထိုင်းနိုင်ငံအား တရုတ်နိုင်ငံမှ တိုက်တွန်းခဲ့ပါသည်။

တရုတ်နိုင်ငံ၏ အဆိုပါတောင်းဆိုချက်သည် တရုတ်နိုင်ငံသား ၁၀၄၁ ဦးအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသား ၁၂၁၉ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် မြန်မာအစိုးရနှင့် ကရင်နီနယ်ခြားစောင့် တပ်ဖွဲ့ တို့အကြား သဘောတူညီမှုရရှိပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းနေရာများ အားလုံးနှင့်ပတ်သက်၍ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ရမည်နှင့်ပတ်သက်သည့် အဆိုပြုချက် ၄ ချက်ကို တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Liu Zhongyi က ချမှတ်ခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပြုချက် ၄ ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များရှိ အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းနေရာများအား ထိန်းချုပ်နိုင်ရေးအတွက် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက် ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းလုပ်ငန်းစဉ်များအား ထိုင်းနိုင်ငံအနေဖြင့် ဆက်လက် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအတွင်းမှ ငွေကြေးလိမ်လည်သူများ ထွက်ပြေးခြင်းတိမ်းရှောင်ခြင်းမှ ကာကွယ်တားဆီးနိုင်ရန်နှင့် တရုတ်နိုင်ငံသားများ နေရပ် ပြန်ရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးတို့အတွက် နယ်စပ်ဒေသလုံခြုံရေးကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားရန်၊ တရုတ်နိုင်ငံသားများ၏ အချက်အလက်များ တိုက်ဆိုင်စစ်ခြင်းနှင့် နေရပ်ပြန်ရေး ဆိုင်ရာ တို့တွင် အထောက်အကူပြုရန်အတွက် ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံမှ တာဝန်ရှိသူများစေလွှတ်ရေး၊ တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားပြီး အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများကို အပြန်အလှန် လေးစားမှုတို့ဖြင့် တရုတ်-ထိုင်း-မြန်မာ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ရန် စသည်တို့ ဖြစ်ကြောင်း Thanathip က ပြောကြားခဲ့ပါသည်။

ထို့အပြင် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကဲ့သို့သော ထိုင်းနိုင်ငံမှ စီစဉ်ဆောင်ရွက်သည့် တွေ့ဆုံဆွေးနွေးမှုများတွင် အခြားသောနိုင်ငံများပါ ပူးပေါင်းပါဝင်လာစေရေး ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ Liu Zhongyi သည် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများလုပ်ကိုင်နေသည့်နေရာများအား ထိန်းချုပ်ဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းရန်အတွက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း Thanathip က ထုတ်ဖော် ပြောကြားခဲ့မှုကို world.thaipbs.or.th website တွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- world.thaipbs.or.th 

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)